ပါကစ္စတန်တွင် ဘာသာရေးပုတ်ခတ်စော်ကားမှုဖြင့် လူတစ်ဦး သေဒဏ်ချမှတ်ခံရ

By ANI  
28 March 2023
ပါကစ္စတန်တွင် ဘာသာရေးပုတ်ခတ်စော်ကားမှုဖြင့် လူတစ်ဦး သေဒဏ်ချမှတ်ခံရ

ပါကစ္စတန်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် လူမှုမီဒီယာတွင် ဘာသာရေးပုတ်ခတ်စော်ကားမှုနှင့် အခြား ဘာသာရေးဆိုင်ရာ ပြစ်မှုများ ကျူးလွန်မှုဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာတရားရုံးတစ်ခုက မတ်လ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။

အစ္စလာမာဘတ်မြို့ရှိ ဗဟိုထောက်လှမ်းရေးဌာန၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွဲ့က အဆိုပါအမျိုးသားအား ပါကစ္စတန် ရာဇသတ်ကြီးဥပဒေပါ ဘာသာရေးယုံကြည်ချက်များကို ပုတ်ခတ်စော်ကားမှုဆိုင်ရာ ပုဒ်မများ၊ အီလက်ထရွန်းနစ်ရာဇဝတ်မှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မများအရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 
WhatsApp လူမှုကွန်ရက်တွင် အုပ်စုဖွဲ့ပြောဆိုများအပါအဝင် လူမှုမီဒီယာဖိုရမ်များပေါ်တွင် ဘာသာရေးကို ထိပါးပုတ်ခတ်ပြောဆိုသည့် အကြောင်းအရာများ လွှင့်တင်မှုဖြင့် ပန်ဂျပ်ပြည်နယ်၊ တာလာဂန်ခရိုင်မှ ဒေသခံတစ်ဦးက အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲခံရသူသည် လူမှုမီဒီယာတွင် အစ္စလာမ်သူတော်စင်များကို ထိပါးသည့် အကြောင်းအရာများကို မျှဝေခဲ့ကြောင်း တရားလိုက ပြောခဲ့သည်။ 

တရားရုံးတွင် ရုံးတင်စစ်ဆေးမှုများအရ မာဒန်မြို့တွင်နေထိုင်သော စွပ်စွဲခံရသူအား စွဲဆိုထားသည့် အမှုမှာ လုံးဝ ပြစ်မှုမြောက်ကြောင်းနှင့် သက်သေအထောက်အထားများအရ ၎င်းသည် ပြစ်မှုကျူးလွန်ကြောင်း တရားသူကြီးက ကြေညာခဲ့သည်။

အဆိုပါအမှုသည် ဘာသာရေးအရ ထိရှလွယ်သောကြောင့် စွပ်စွဲခံရသူကို ၂၀၂၁ ခုနှစ်ကတည်းက ပက်ရှ်ဝါဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းပြီး ရုံးတင်စစ်ဆေးခဲ့ကြသည်။
အဆိုပါသေဒဏ်အတွက် အယူခံဝင်ခွင့်ရှိကြောင်းလည်း တရားရုံးက ကြေညာခဲ့သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး တရားရုံးတစ်ခုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက လူမှုမီဒီယာပေါ်တွင် ဘာသာရေးပုတ်ခတ်ပြောဆိုမှုနှင့် အခြားပြစ်မှုများဖြင့် အမျိုးသားတစ်ဦးကို သေဒဏ်နှင့် စုပေါင်းဒဏ်ငွေ ရူပီး ၁ ဒသမ ၆ သန်း ချမှတ်ခဲ့ကြောင်း Dawn သတင်းတွင် ဖော်ပြထားသည်။ တရားစီရင်ချက်နှင့်ပတ်သက်ပြီး တင်ပြထားသည့် အယူခံကို ပက်ရှ်ဝါတရားလွှတ်တော်က ဆိုင်းငံ့ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly