ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူမိန်းကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ဘာသာပြောင်းခံရ

By ANI
27 February 2023
ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် ဟိန္ဒူမိန်းကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး ဘာသာပြောင်းခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် အသက် ၁၇ နှစ်အရွယ် ဟိန္ဒူမိန်းကလေး ၁ ဦး ပြန်ပေးဆွဲခံရပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းရန် အတင်းအကျပ် စေခိုင်းခံရသည်။

ပြန်ပေးဆွဲခံရသော မိန်းကလေးငယ်သည် ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်ရှိ မာပါခက်စ်ခရိုင် နူးကော့ဒ်တွင် နေထိုင်သူဖြစ်သည်။
အဆိုပါ မိန်းကလေးသည် ဖေဖော်ဝါရီ ၁၅ ရက်က မောင်ဖြစ်သူနှင့်အတူ ဟင်းသီးဟင်းရွက်ဝယ်ရန် နူးကော့ဒ် ဈေး သို့ သွားခဲ့ရာမှ ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။

ပြန်ပေးဆွဲသူများမှာ အူမာကော့ဒ်တွင် နေထိုင်သူ ရူးဖ်နှင့် သူငယ်ချင်း ၂ ဦးတို့ ဖြစ်ကြပြီး ၎င်းတို့သည် မိန်းကလေးအား စနောက်လှောင်ပြောင်လေ့ရှိသည်ဟု မောင်ဖြစ်သူက ပြောသည်။ မောင်နှမ ၂ ယောက်သည် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က နူးကော့ဒ် ဈေးသို့ရောက်သောအခါ ရူးဖ်သည် သူငယ်ချင်းများနှင့်အတူ မိန်းကလေးကို အတင်းအဓမ္မ ခေါ်သွားခဲ့သည်ဟု ဆိုသည်။

နူးကော့ဒ် ရဲတပ်ဖွဲ့သည် ယင်းအမှုကို လူပျောက်မှတ်တမ်းတွင်သာ စာရင်းသွင်းထားပြီး ရူးဖ် နှင့် သူငယ်ချင်းများကို ပထမသတင်းပေးတိုင်ကြားချက် မှတ်တမ်းတွင် စာရင်းသွင်းထားခြင်းမရှိကြောင်း မိန်းကလေး၏ဖခင် ရာမက်ရှ်ဘီးလ်က ပြောကြားခဲ့သည်။

မိန်းကလေးသည် ရူးဖ် ထံသို့ ၎င်း၏ ဆန္ဒအတိုင်း လိုက်ပါသွားခြင်းဖြစ်ပြီး ပြန်ပေးဆွဲသည့်အမှုဖွင့်ရန် ၁ ပတ်ခန့် စောင့်ဆိုင်းရမည်ဟု ရဲဝန်ထမ်းများက ပြောဆိုခဲ့ကြောင်း ဘီးလ်က ပြောသည်။

နူးကော့ဒ်ရဲများသည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ဖခင်အား ဖုန်းခေါ်ဆို၍ မိန်းကလေးသည် သူမဆန္ဒအလျောက် အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားကြောင်း ဖေဖော်ဝါရီ ၁၈ ရက်စွဲပါ သက်သေခံလက်မှတ်မိတ္တူကို ပေးခဲ့သည်။ ဘာသာပြောင်းပြီးနောက် မိန်းကလေး၏ အမည်ကိုလည်း ပြောင်းလဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

ဖုန်းခေါ်ဆိုမှုအရ မိန်းကလေးသည် အစ္စလာမ်ဘာသာကို လက်ခံကြောင်း အတည်ပြုခဲ့ပြီး အူမားကော့ဒ်တွင် ရူးဖ် ၏ မိသားစုနှင့်အတူ နေထိုင်လိုသည်ဟု ပြောကြားခဲ့ကြောင်း စစ်ဆေးရေး အရာရှိက ဆိုသည်။
သမီးဖြစ်သူက ၃ လအကြာ အသက် ၁၈ နှစ်ရောက်ချိန်တွင် ပြန်ပေးဆွဲသူနှင့်လက်ထပ်သွားပါက  ထပ်မတွေ့ရတော့မည်ကို ဖခင်က စိုးရိမ်နေသည်။

ပြန်ပေးဆွဲမှု၊ အစ္စလာမ်ဘာသာသို့ အတင်းအကြပ်ကူးပြောင်းစေမှု၊ အများအားဖြင့် အရွယ်မရောက်သေးသူ လူနည်းစု ဟိန္ဒူမိန်းကလေးများကို မွတ်စလင်များနှင့် လက်ထပ်ခိုင်းမှုတို့ကို ပါကစ္စတန်နိုင်ငံ ဒေသအသီးသီးတွင် အထူးသဖြင့် ဆင်းဒ်ပြည်နယ်တွင် အုပ်ချုပ်ရေး၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ ပါကစ္စတန်ရှိ ပင်မမီဒီယာနှင့် လူမှုမီဒီယာပလက်ဖောင်းများက စိုးရိမ်ခြင်းနှင့် အလေးထားခြင်း အလျဉ်းမရှိဘဲ ဆက်ဖြစ်ပွားလျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly