ပါကစ္စတန်ကို လျှော့ဈေးဖြင့် ရေနံရောင်းချပေးရန် ရုရှား ငြင်းဆန်

ပါကစ္စတန်ကို လျှော့ဈေးဖြင့် ရေနံရောင်းချပေးရန် ရုရှား ငြင်းဆန်

ပါကစ္စတန်အတွက် ရေနံကို ၃၀-၄၀ ရာခိုင်နှုန်း ဈေးလျှော့ပေးပြီး ရောင်းချပေးနိုင်မည် မဟုတ်ကြောင်း ရုရှားက ပြောဆိုလိုက်သည်။ ထိုမတိုင်မီ ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့ ၁ ဖွဲ့သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ လာရောက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်စဉ် ရေနံကို လျှော့ဈေးဖြင့် ဝယ်ယူခွင့်ရရေး တောင်းဆိုခဲ့ကြောင်း The News International က ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြသည်။

ပါကစ္စတန် ရေနံဝန်ကြီးဌာနမှ အငယ်တန်းဝန်ကြီး မူဆာဒစ် မာလစ်၊ တွဲဖက်အတွင်းဝန်နှင့် ပါကစ္စတန် သံရုံးမှ အရာရှိများ ပါဝင်သော ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်က မော်စကိုတွင် ဆွေးနွေးစဉ် ရေနံကို လျှော့ဈေးဖြင့် ဝယ်ယူနိုင်ရေး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

လက်တလောတွင် လျှော့ဈေးဖြင့် ကမ်းလှမ်းရောင်းချပေးနိုင်မည် မဟုတ်ကြောင်း ရုရှားက ပြောဆိုခဲ့ခြင်းနှင့်အတူ ဆွေးနွေးမှုများ အဆုံးသတ်ခဲ့ရသည်။

သို့သော် ပါကစ္စတန်၏ တောင်းဆိုချက်ကို စဉ်းစားပေးမည်ဟု ရုရှားတာဝန်ရှိသူတို့က ကတိပြုခဲ့ပြီး နောက်ပိုင်း တွင် မိမိတို့၏ သဘောထားကို သံတမန်လမ်းကြောင်းများမှတဆင့် အသိပေးအကြောင်းကြားမည်ဟု ပြောခဲ့ကြောင်း The News International က ဖော်ပြသည်။

ရေနံစိမ်းကို လျှော့ဈေးဖြင့် တင်သွင်းခွင့်ရရေး၊ ငွေပေးချေမှုစနစ်၊ တင်ပို့မှု ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး ရုရှားအာဏာပိုင်များနှင့် ဆွေးနွေးရန် ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၉ ရက်က ရုရှားသို့ ၃ ရက်တာ ခရီးစဉ် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း Geo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly