သံလွင်မြစ်ပေါ်က ဟတ်ကြီးရေလှောင်တမံဆည်မံကိန်း ပြန်စရန် ထိုင်း စီစဉ်နေ

သံလွင်မြစ်ပေါ်က ဟတ်ကြီးရေလှောင်တမံဆည်မံကိန်း ပြန်စရန် ထိုင်း စီစဉ်နေ

ကရင်ပြည်နယ်အတွင်းရှိ သံလွင်မြစ်ပေါ်က ဟတ်ကြီးရေလှောင်တမံစီမံကိန်းအား ပြန်လည်စတင်ရန် ထိုင်းနိုင်ငံက စီစဉ်လျက်ရှိပြီး နိုင်ငံတွင်း မိုးခေါင်မှုဒဏ် လျော့ပါးရေးအတွက် ပိုလျှံရေများကို ဘူမိဘောဆည်အတွင်း သွယ်ယူဖို့ဖြစ်သည်။

အဆိုပါ ဟတ်ကြီးရေလှောင်တမံစီမံကိန်း၌ ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ EGATi က ဘတ်ငွေ ၁၀၀ ဘီလီယံကျော် ရင်းနှီးမြုပ်နှံရန် စိတ်အားထက်သန်လျက်ရှိသည်။ အလားတူ သံလွင်မြစ်ပေါ်က မိုင်းတုံဆည်စီမံကိန်းအတွက်လည်း EGATi က ဘတ်ငွေ ၃၀၀ ဘီလီယံ ရင်းနှီးမြုပ်နှံရန် စီစဉ်ထားသော်လည်း ဆည်ပတ်ဝန်းကျင်ဒေသတွင်း သက်ရောက်မှုများ နည်းပါးအောင် ပြန်လည်ဒီဇိုင်းထုတ်ပြီးနောက် မြန်မာအစိုးရဖက်က အတည်ပြုမှုကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ထိုင်းစွမ်းအင်ဝန်ကြီးဌာန သတင်းရင်းမြစ်တစ်ရပ်က ထိုင်းအစိုးရအနေဖြင့် မြန်မာအစိုးရနှင့် စွမ်းအင်ကဏ္ဍာတွင် ပူးပေါင်းဆောင်ရွက်ရန် လိုလားကြောင်း၊ အထူးသဖြင့် ထိုင်း Sob Moei ကျေးရွာအနီးရှိ ကရင်ပြည်နယ်အတွင်းက ဟတ်ကြီးဆည်စီမံကိန်းတွင်ဖြစ်ကြောင်း ပြောသည်။ လျှပ်စစ်ဓာတ်အား ၁၃၆၀ မီဂါဝပ်ထုတ်လုပ်မည့် ယင်းစီမံကိန်းတွင် ထပ်လောင်း၍ ထိုင်းနိုင်ငံ တက်ပြည်နယ်အတွင်း ဘူမိဘောဆည်အတွင်းသို့ ပိုလျှံရေးများ ပို့သွင်းနိုင်မည့် ရေပို့ရုံကိုလည်း တည်ဆောက်နိုင်ရန် ထိုင်းအစိုးရက မျှော်လင့်နေသည်။ ယင်းစီမံကိန်းက ဒေသပြန်လည်စိမ်းလန်းစိုပြေရေးနှင့် နောက်ထပ်မိုးခေါင်မှုများ တားဆီးကာကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်သည်။ မကြာသေးမီက ခရီးစဉ်အတွင်း ယင်းဆည်စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောခဲ့သည်။ မြန်မာအစိုးရအနေဖြင့် ဒေသခံတိုင်းရင်းသားအုပ်စုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး အောင်မြင်ပါက EGATi က ဆည်ဒီဇိုင်းထုတ်ရန် မြေပြင်တိုင်းတာခြင်းများကို စတင်လုပ်ဆောင်မည်ဖြစ်သည်။

ရေအရင်းအမြစ်ပြဿနာသည် ထိုင်းအစိုးရအတွက် ထိပ်တန်းဦးစားပေးဖြစ်သည်။ အဓိကဆည်များတွင် ရေအများအပြားသိုလှောင်နိုင်ရန် ရည်ရွယ်ထားပြီး မိုးခေါင်မှုကြုံလျှင် ရေလုံလောက်စွာသိုလှောင်ထားနိုင်ရေးဖြစ်သည်။ စီမံကိန်းသာ အတည်ဖြစ်ပါက နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိမည်လည်းဖြစ်သည်။ ဆည်ပတ်ဝန်ကျင်းဒေသ ဒေသခံများအတွက် လျှပ်စစ်မီးလည်း ဖြည့်ဆည်းပေးနိုင်မည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း လျှပ်စစ်ဓာတ်အား ရရှိမည်ဖြစ်သကဲ့သို့ မိုးခေါင်မှုအတွင်း ရေလုံလောက်စွာရရှိမည်လည်းဖြစ်သည်။

“ထိုင်းအတွက် ရေပြဿနာက အဓိကတစ်ခုပဲ။ ဒါပေမယ့် သိက္ခာရှိရှိနဲ့ ပိုလျှံရေကိုသာ ရယူမယ်ဆိုတာ အလေးအနက်ပြောလိုပါတယ်။ ဒီဆည်က ရေပိုလျှံမှ ထိုင်းဖက်ကို ပို့သွင်းမှာပါ။ ရေမပိုလျှံချိန်မှာဆိုရင်တော့ ပို့သွင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းနေတဲ့ မြန်မာအစိုးရဖက်က ရလဒ်ကို စောင့်နေတယ်။ မြန်မာနိုင်ငံမှာက အစိုးရပြောင်းလဲနေပြီဆိုတော့ လွယ်ကူမှာတော့မဟုတ်ဘူး။ ညှိနှိုင်းမှု ထမြောက်ရင်တော့ နားလည်မှုစာချွန်လွှာကို စလက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။ ဒီဆည်အတွက် သုတေသနလုပ်ထားတာကြာပြီလည်းဖြစ်တယ်။ တကယ်တည်ဆောက်မှုက အကောင်အထည်မပေါ်နိုင်သေးဘူး။ ဘတ်ငွေ ၁၀၀ ဘီလီယံ ရင်းနှီးပြီး မီဂါဝပ် ၁၃၆၀ ထုတ်နိုင်မယ် ဆည်စီမံကိန်းပါ။ ဒါပေမယ့် ထိုင်းဖက်ကို ရေပေးပို့ရုံတည်ဆောက်ရေးအတွက်က သုတေသန မလုပ်ရသေးဘူး။ ပြီးတော့လည်း စီမံကိန်းကုန်ကျစရိတ် တွက်ရဖို့လိုသေးတယ်။ နောက်ပြီး ဒီစီမံကိန်းက ထိုင်းတစ်နိုင်ငံတည်းရဲ့ စီမံကိန်းမဟုတ်ဘူး။ EGATi အပြင် တရုတ်နဲ့ မြန်မာနိုင်ငံတို့လည်း ရင်းနှီးမြုပ်နှံမှုပါဝင်တဲ့ စီမံကိန်းဖြစ်တယ်။”ဟု EGATi ဥက္ကဌ ဝတ်ချာရာဟမ်ရတ်ချာတန်နန်က ပြောသည်။

စီမံကိန်းပြီးမြောက်၍ လျှပ်စစ်ဓာတ်အား ထိုင်းနိုင်ငံသို့ မည်သည့်အချိန်တွင် စတင်ပေးပို့မည်ဆိုသည်ကိုလည်း ဆွေးနွေးရခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံ၏ ၂၀၁၅-၂၀၃၆ လျှပ်စစ်ဓာတ်အားဖွံ့ဖြိုးရေးစီမံကိန်းအရ လျှပ်စစ်ဓာတ်အား မြင့်မားစွာရှိနေသေးခြင်းကြောင့်ဖြစ်သည်။

“ခုချိန်ကတော့ မြန်မာအစိုးရနဲ့ တိုင်းရင်းသားအုပ်စုတွေကြား အပစ်ရပ်ရေးဆွေးနွေးပွဲတွေက ရှင်းလင်းတဲ့ ရလဒ်ထွက်ပေါ်လာဖို့ပဲ လိုအပ်တယ်။ မြန်မာနိုင်ငံက ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တာက လာအိုနိုင်ငံလိုပဲ ပေါကြွယ်ဝစွာ ရှိနေတယ်။ အခု စီမံကိန်းက နှစ်နိုင်ငံလုံးအကျိုးရှိမယ်ဆိုတာအပြင် လျှပ်စစ်ဓာတ်အား များများစားစား လိုအပ်နေဆဲ မြန်မာနိုင်ငံအတွက် ပိုလို့ အကျိုးရှိစေမှာပါ။”ဟု ဝတ်ချာရာဟမ်ရတ်ချာတန်နန်က ဆိုသည်။

မြန်မာနိုင်ငံတွင် အခြားသော စီမံကိန်းများလည်း ရှိထားကြောင်း၊ ဥပမာ မီဂါဝပ် ၇၀၀၀ ထုတ်လုပ်နိုင်မည့် မိုင်းတုံစီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ဝယ်ယူရန် စွမ်းအင်ဝန်ကြီးဌာနက စီစဉ်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ သို့သော် လက်ရှိတွင် မြန်မာအစိုးရဖက်က အောက်ပါ အကြိုလုပ်ငန်းစဉ်အခြေအနေကို တောင်းဆိုထားသည်။ ယင်းတောင်းဆိုချက်တို့မှာ စီမံကိန်းစလျှင် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၃၅၀၀ သာ ထုတ်လုပ်ရေး၊ အကြီးစား ဆည်တစ်ခုထက် ဆည်ငယ်များ တည်ဆောက်ရေးတို့ဖြစ်သည်။ အဆိုပါ တောင်းဆိုမှုက ရေကြီးရေလွှမ်းရာ ဒေသများသို့ သက်ရောက်မှုနည်းပါးစေရန်ဖြစ်သည်။ လက်ရှိ မိုင်းတုံဆည်စီမံကိန်းအခြေအနေမှာ အကောင်အထည်ဖော်ရေးတွင် မြန်မာအစိုးရဖက်က ပြန်လည်သုံးသပ်လျက်ရှိနေသည့် စီမံကိန်းတစ်ရပ်လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly