KNU နယ်မြေများရှိ အမျိုးသမီးစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ

By YT(မဇ္ဈိမ)
20 September 2023
KNU နယ်မြေများရှိ အမျိုးသမီးစစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရ
ပုံအညွှန်း- KNU တပ်မဟာ (၃) နယ်မြေမှ စစ်ဘေးရှောင်အမျိုးသမီးအချို့အား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများအတွင်းရှိ အမျိုးသမီးစစ်ဘေးရှောင် များအနေဖြင့် လစဉ်ဓမ္မတာကိစ္စအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေကြောင်း ကရင် အမျိုးသမီးအစည်းအရုံး(KWO)မှ သိရသည်။

KNU တပ်မဟာ နယ်မြေခုနစ်ခုရှိသည့်အနက် တပ်မဟာ (၇) ဘားအံခရိုင်မှလွဲ၍ ကျန် ခရိုင်ခြောက်ခုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ၊ PDF ပူးပေါင်းတပ်ဖွဲ့များ အကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“စစ်ကောင်စီတပ်က ရွာတွေကိုမီးရှို့၊ လေယာဉ်တွေနဲ့ဗုံးလာကြဲ၊ သေနတ်တွေနဲ့ပစ်ပေါ့နော်။ ရွာတွေမှာ အဲဒီလိုလာလုပ်တဲ့အတွက် အမျိုးသမီးတွေရော ကလေးတွေပါ ရွာမှာလုံလုံခြုံခြုံ မနေရဘူး။ အခုအချိန်ထိ စစ်ဘေးရှောင်နေရတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်၊ လေယာဉ်တွေနဲ့ဗုံးကြဲ၊ သေနတ် တွေနဲ့ပစ်လို့ အမျိုးသမီးသေဆုံးတာတွေရှိတယ်” ဟု KWO တွဲဖက်အတွင်းရေးမှူး(၂) နော်အဲ့တမွီဖောက မဇ္ဈိမကို ပြောသည်။

ပုံအညွှန်း- KNU တပ်မဟာ (၃) နယ်မြေမှ စစ်ဘေးရှောင်အမျိုးသမီးအချို့အား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ အရပ်သားများအပေါ်  ပစ်မှတ်ထား၍ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် KNU နယ်မြေများတွင် ဒေသခံ ၆၀၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါအရေအတွက်၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း ၎င်းကပြောသည်။

လက်ရှိကာလသည် မိုးတွင်းကာလဖြစ်၍ အမျိုးသမီးစစ်ဘေးရှောင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ နှင့် မီးဖွားပြီးစမိခင်များအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခြင်းအပါအဝင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဆိုသည်။

“အခုချိန်က မိုးလည်းရွာတယ်။ သူတို့က စစ်ဘေးရှောင်ရတဲ့နေရာမှာ နေရတဲ့အတွက် အဆင်မပြေဘူးပေါ့ နော်။ ပြီးတော့ ဓမ္မတာလာတဲ့အချိန်မှာလည်း လုံလောက်တဲ့ပစ္စည်းမရှိဘူး။ အဓိကကတော့ တကိုယ်ရည် သန့်ရှင်းရေးပေါ့။ သူတို့က စစ်ဘေးရှောင်နေရတဲ့အတွက် တကိုယ်ရည်သန့်ရှင်းရေးကို လုံလောက်စွာ မလုပ်ဖြစ်ဘူး။ ပြီးတော့ မိုးတွင်းဆိုတော့ ဝမ်းလျောတာတွေ၊ တုတ်ကွေးနဲ့ ငှက်ဖျားရောဂါတွေပါ လော လောဆယ် ကြုံတွေ့နေရတာ” ဟု KWO တွဲဖက်အတွင်းရေးမှူး(၂)က ဆိုသည်။

“ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကာကွယ်ဆေးတွေရော၊ အားဆေးတွေပါ လုံလောက်မှုမရှိဘူး။ တချို့နေရာတွေက သွားလာရေးအခက်အခဲရှိလို့ ထောက်ပံ့မှုတွေ၊ ကူညီမှုတွေ လုံလောက်မှုမရှိဘူး။ တကယ်လို့ ရရှိခဲ့ရင်လည်း တခါအတွက်ပဲ၊ တပတ်စာအတွက်ပဲ ရရှိတာဖြစ်တဲ့အတွက် ကာလရှည် အတွက်တော့ လုံလောက်မှုမရှိဘူးပေါ့။ ပြီးတော့ မီးဖွားပြီးစအမျိုးသမီးတွေအတွက်ကတော့ ပိုခက်ခဲတာ ပေါ့။ အာဟာရချို့တဲ့မှုတွေပါ ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပုံအညွှန်း- KNU တပ်မဟာ (၃) နယ်မြေမှ စစ်ဘေးရှောင်အမျိုးသမီးအချို့အား တွေ့ရစဉ် (ဓါတ်ပုံ- KNU)

မြေပြင်ရှိ စစ်ဘေးရှောင်အမျိုးသမီးများအနေဖြင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးများ၊ လေကြောင်း တိုက်ခိုက်မှုများကြောင့် ထိန့်လန့်စွာအသက်ရှင်နေရကြောင်း စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးထံက သိရ သည်။

“လေယာဉ်လာတယ်ဆိုရင် လူကအိပ်မပျော်တော့ဘူး။ လက်နက်ကြီးတွေ ပစ်တာတို့ သေနတ်သံတို့ကြား ရင်ကို ရင်တုန်ပြီးလိုက်မေးနေရတာ။ ဘယ်မှာ ဘာဖြစ်လို့လဲ ဆိုတာမျိုးပေါ့။ ပြီးတော့ ကိုယ်က သားသမီး အငယ်လေးတွေနဲ့ဆိုတော့ ပြေးရလွှားရတာ ခက်ခဲတယ်လေ” ဟု KNU တပ်မဟာ (၁) နယ်မြေမှ စစ်ဘေး ရှောင်အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် စစ်ဘေးရှောင်အမျိုးသမီးများသည် သားသမီးများ၏ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးကိစ္စ များကိုပါ ပူပန်နေရကြောင်း KWO တွဲဖက်အတွင်းရေးမှူး(၂)ကပြောသည်။

KWO အနေဖြင့် အလှူရှင်များနှင့်ချိတ်ဆက်၍ စစ်ဘေးရှောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက် ကြီးရွယ်အိုများ၏ လိုအပ်ချက်များအား ကူညီခြင်း၊ လူ့အခွင့်အရေးချိုးဖောက်နေသည့် စစ်ကောင်စီတပ် အပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် Donorsများနှင့် ဆွေးနွေးခြင်း၊ ပြည်သူများထံ အသိပညာ ပေးရေးလုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း သိရသည်။

ကရင်အမျိုးသမီးအစည်းအရုံး(KWO)သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာနယ်မြေခုနစ် ခုနှင့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်စခန်းများရှိ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီး ရွယ်အိုများကို အကာအကွယ်ပေးရေးအတွက် ဦးဆောင်လုပ်ကိုင်နေသော အမျိုးသမီးအဖွဲ့အစည်းတခု ဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required