ကော့ကရိတ်မြို့နယ်လဝကရုံး မီးရှို့ဖျက်ဆီးခံရ

By YT  ( မဇ္ဈိမ)
28 September 2023
ကော့ကရိတ်မြို့နယ်လဝကရုံး မီးရှို့ဖျက်ဆီးခံရ
အညွှန်း- ကော့ကရိတ်မြို့နယ် လဝကရုံး မီးလောင်နေစဉ် (ဓါတ်ပုံ- Crd )

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၇) ရပ်ကွက်၊ ဗောဓိကျောင်းလမ်းရှိ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးရုံး မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံက သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ကော့ကရိတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးရုံး မီးရှို့ ခံလိုက်ရခြင်းဖြစ်ပြီး ည ၂ နာရီကျော်မှ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် ရုံးအဆောက်အဦတခုလုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“ရှို့မီးလို့ပြောတယ်၊ ဘယ်သူလုပ်တယ်ဆိုတာတော့ မသိဘူး။ PDF တွေလာလုပ်တယ်လို့တော့ ပြောကြ တာပဲ။ မှတ်ပုံတင်ရုံးအတွင်းပိုင်းကတော့ ပြာဖြစ်သွားတယ်” ဟု ကော့ကရိတ်မြို့ခံတဦးက မဇ္ဈိမကိုပြော သည်။

မြို့နယ်လဝကရုံးကို လုံခြုံရေးအရ ကော့ကရိတ်မြို့ ဒေါနခန်းမသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားသဖြင့် မီးရှို့ခံရ ချိန်တွင် အဆောက်အဦး ပျက်စီးမှုမှလွဲ၍ စာရွက်စာတမ်း၊ လူ ထိခိုက်၊ ဆုံးရှုံးမှု မရှိကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖော်ပြသည်။

ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးအား မီးရှို့ဖျက်ဆီးခြင်းကို တပ်မဟာ(၆) ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA) တပ်ရင်း (၁၈)ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကပြု လုပ်ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် ဆက်လက်အတည်ပြုနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်နေ့ ညကလည်း ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်ရှိ ခရိုင်လူဝင်မှုကြီးကြပ်ရေး ရုံး၊ မြို့နယ်တရားရုံး၊ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်အခွန်ရုံးနှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေး ဦးစီးမှူးနေအိမ်၊ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းအိမ်ရာတို့ကို တပ်မဟာ (၅) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တပြိုင်နက် တည်း ဗုံးခွဲတိုက်ခိုက်ခြင်း ရှိခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly