ကွီလုံတိုင်စစ်ကောင်စီတပ်ဖွဲ့စခန်းကို Cloud Wings ဒရုန်းတပ်ဖွဲ့ ဗုံးသီးချ တိုက်ခိုက်

By YT(မဇ္ဈိမ)
22 September 2023
ကွီလုံတိုင်စစ်ကောင်စီတပ်ဖွဲ့စခန်းကို Cloud Wings ဒရုန်းတပ်ဖွဲ့ ဗုံးသီးချ တိုက်ခိုက်
ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံ(ဓါတ်ပုံ- Cloud Wings)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကွီလုံတိုင် စစ်ကောင်စီတပ်ဖွဲ့စခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း Cloud Wings ဒရုန်းတပ်ဖွဲ့က ယနေ့ စက်တင်ဘာလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

"ကွီလုံတိုင်က စစ်ကောင်စီရဲ့ မဆုတ်တမ်း ခံစစ်ပဲ။ ထိုင်း မြန်မာနယ်စပ်မှာရှိတဲ့ ရှေ့တန်းစခန်းပါ" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ယင်းအပြင် အဆိုပါစခန်းအား စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံ(ဓါတ်ပုံ- Cloud Wings)

အဆိုပါကွီလုံတိုင်စခန်းသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ခန့် အထိုင်ချထားသည့်နေရာဖြစ်ပြီး အဆိုပါစခန်းသို့ ထိုင်းနိုင်ငံဘက်အခြမ်းမှ ရိက္ခာ၊ လက်နက်၊ ခဲယမ်းများဖြင့် စစ်ကူလာသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“မြန်မာဘက်ကနေ မလာရဲတော့ ထိုင်းဘက်ခြမ်းကနေ ဟောင်သရောမြစ်ကိုကူးပြီးလာတဲ့ စစ်ကြောင်းပါ။ ကျွန်တော်တို့က သူတို့စစ်ကြောင်းကိုလည်း ထိခိုက်အောင် တိုက်ခိုက်နိုင်တယ်။ စခန်းမှာ ရှိတဲ့ အယောက် ၃၀ ကျော်ဝန်းကျင်ကိုလည်း ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့တယ်" ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့အထိ ၂၂ ရက်ကြာ  ဒရုန်းဖြင့် တိုက်ခိုက်သည့် ဖြစ်စဉ်များကို Cloud Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကွီလုံတိုင်စခန်းသည် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ရသည့် နေရာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ဗုံးသီး အလုံး ၂၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ပုံအညွှန်း-ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဒရုန်းစစ်ဆင်ရေးအတွက် ပြင်ဆင်နေပုံ(ဓါတ်ပုံ- Cloud Wings)

၂၂ ရက်ကြာ တိုက်ခိုက်မှုအား KNLA ၏ ဦးဆောင်မှုအောက်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF)၊ Cloud Wings ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း၍ ၁၀၇ မမ၊ ၈၁ မမ၊ ၆၀ မမ ဗုံးသီး အလုံးရေ ၂၀၀ ကျော် အသုံးပြု၍ အကြိမ်ပေါင်း ရာနှင့်ချီ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ခမရ (၃၃၉)၊ ခမရ (၅၆၁) ၊ ခမရ (၅၅၇) တို့ကလည်း ကူညီတိုက်ခိုက်ပေးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်တွင် ၁၀ ဦးထက်မနည်း သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ဒဏ်ရာရနေသည့် စစ်ကောင်စီ တပ်သားများအား ထိုင်းဘက်ခြမ်းမှတဆင့် ကားများဖြင့် သယ်ဆောင်သွားပြီး သေဆုံးသူများ၏ ရုပ်အလောင်းကို ဟောင်သရောမြစ်အတွင်းသို့ ပစ်ချလိုက်ကြသည်ဟု ဒေသခံများ၏ သတင်းပေးပို့ချက်ကို Cloud Wings အဖွဲ့က ကိုးကားဖော်ပြထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly