မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံး ၅လုံးဖြင့်တိုက်ခိုက်၊ အထိအခိုက်များနိုင်ဟုဆို

By ဂန္ဒမာ (မဇ္ဈိမ)
23 October 2023
မှော်ဘီလေတပ်စခန်းအား ရှော့တိုက်ဒုံး ၅လုံးဖြင့်တိုက်ခိုက်၊ အထိအခိုက်များနိုင်ဟုဆို

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်စခန်းအား ယမန်နေ့ ညက ရှော့တိုက်ဒုံး ငါးလုံးဖြင့်တိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုများပြားကြောင်း အတွင်းသတင်းရသည်ဟု မြို့ပြအထူးစစ်ဆင်ရေး(USO) ကသတင်းထုတ်ပြန်သည်။

မှော်ဘီလေတပ်စခန်းကို ယမန်နေ့အောက်တိုဘာလ ၂၂ ရက် ည၉ နာရီအချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

" အတွင်းသတင်းအရ တော်တော် ထိခိုက်ပျက်စီးမှုရှိတယ်လို့ကြားတယ်"  ဟု USOသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။ 

တိုက်ခိုက်မှုအပြီးတွင် မှော်ဘီအနီးပတ်ဝန်းကျင် လူနေရပ်ကွက်များ၌ ရဟတ်ယာဉ်အနိမ့်ပျံသန်းပြီး မီးများထိုး၍ ရှာဖွေခဲ့သလို  စစ်ဆေး‌ရေးဂိတ်များတွင်လည်း အရပ်သားများအား  ဒူထောက်ခိုင်းပြီး စစ်ဆေးခဲ့သည်ဟု ၎င်းက ပြောသည်။

" ပေါက်ကွဲသံတွေက တအုံးအုံးနဲ့။ တော်တော်လေး ပြင်းတယ်" ဟု မှော်ဘီဒေသခံတဦးကပြောသည်။

အဆိုပါမစ်ရှင်အား မှော်ဘီလေတပ်စခန်းမှ အတွင်းသတင်းပေးသူ၏ ပူးပေါင်းကူညီမှုဖြင့်ဆောင်ရွက်နိုင်ခဲ့ခြင်းဟု USO က ထုတ်ပြန်ထားသည်။ ထို့အပြင် မစ်ရှင်ဖော်ဆောင်ခဲ့သော ရဲဘော်များ အန္တရာယ်ကင်းခဲ့ပြီး  ဘေးကင်းရာသို ရောက်ရှိပြီဟု ဆိုသည်။

တိုက်ခိုက်မှုအပြီး ည ၁၀ နာရီဝန်းကျင်ခန့်တွင် တောင်ဒဂုံမြို့နယ်၊ ဘုန်းကြီးကျောင်းကွေ့အနီးနှင့်ည ၁၁ နာရီခန့်တွင် သာကေတမြို့နယ် (၁၀)ရပ်ကွက်၌ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများရှိကြောင်းသိရသည်။ မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှုသည် အရပ်သားများနှင့် မဆိုင်ဘဲ ၎င်းတို့နှင့်သာ သက်ဆိုင်ကြောင်း USOသတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။ 

ယခုစစ်ဆင်ရေးသည်  Urban Special Operation -USO မဟာမိတ်အဖွဲ့များ၏ငါးကြိမ်မြောက် မြို့ပြအထူးစစ်ဆင်ရေးဟုသိရသည်။ 

ရန်ကုန်မြို့ပြတွင် မြို့ပြအထူးစစ်ဆင်ရေး(USO) အား စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ခဲ့ပြီး အောက်တိုဘာလ ၂၂ ရင်နေ့အအထိ ငါးကြိမ်မြောက် ဆောင်ရွက်ပြီးခဲ့ကြောင်း Urban Special Operation တယ်လီဂရမ်ချန်နယ်က ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly