ဝက်လက် လှတောရဲစခန်းကို PDF တိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးဟုဆို

By လွှမ်းမိုး(မဇ္ဈိမ)
12 October 2023
ဝက်လက် လှတောရဲစခန်းကို PDF တိုက်ခိုက်၊ စစ်သား ၇ ဦးသေဆုံးဟုဆို
လှတောရဲစခန်းကို တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ  Photo/Zero ပြောက်ကျားတပ်ဖွဲ့ 23m

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ လှတောကျေးရွာရဲစခန်းတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ခုနှစ်ဦး သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်-၇ တပ်ရင်း ( Zero ပြောက်ကျား) ထံမှ သိရသည်။

လှတောကျေးရွာရဲစခန်းကို အောက်တိုဘာ ၁၀ ရက် ည ၈ နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက  စတင်တိုက်ခိုက်ခဲ့ပြီး တညလုံးနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။

“ စခန်းသိမ်းဖို့အထိ ရည်ရွယ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရတဲ့အတွက် အချိန် နှစ်ပတ်နီးပါးလောက်တော့ ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စုပေါင်းပြီး အမိန့်တခုတည်းအောက်ကနေ ညီညီညွတ်ညွတ် ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။

ရာသီဥတုအခြေအနေကြောင့် စိတ်တိုင်းကျတိုက်ပွဲဖော်ဆောင်၍ မရခဲ့ဘဲ လက်နက်ငယ်များသာ အသုံးပြု တိုက်ခိုက်ခဲ့ရကြောင်း ကိုသက်ကြီးက‌ ပြောသည်။တိုက်ပွဲကို မြင်းခြံခရိုင် အမှတ်-၇ တပ်ရင်း(Zero ပြောက်ကျားတပ်ဖွဲ့) ၊ ဆားတောင်မိုးကြိုးအဖွဲ့ ၊ နယ်မြေခံ တိုက်နယ် ပ.က.ဖ ၊Zero Power အဖွဲ့နှင့် ဒေသခံ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သားခုနစ်ဦးသေဆုံးခဲ့ပြီး  ဒေသကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် တဦးကျဆုံးကာ သုံးဦး ဒဏ်ရာရခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၇က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို မဇ္ဈိမအနေဖြင့်သီးခြားအတည်မပြုနိုင်သေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အောက်တိုဘာ ၁၁ ရက်နံနက် ၁နာရီခွဲခန့်တွင် ရဲစခန်းထဲမှနေ၍  လက်နက်ကြီးဖြင့် သုံးချက် ပစ်ခတ်ခဲ့ရာ ဒေသခံနှစ်ဦးဒဏ်ရာရရှိခဲ့‌ကြောင်းသိရသည်။ယင်းနေ့ နံနက် ၉နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက  လှတောရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်သုံးလုံး၊ လက်ဖက်ရည်ဆိုင်နှစ်ဆိုင်၊ ဈေးဆိုင်ခန်းငါးခန်းကိုမီးရှို့ ဖျက်ဆီးသွားကြောင်းWetlet Informational Network အဖွဲ့က  သတင်းထုတ်ပြန်သည်။ ထိုစစ်ကြောင်းသည် နေ့လယ်ပိုင်းတွင် ရွှေဘိုမြို့သို့ ထွက်ခွာသွားကြောင်း သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required