ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

By MTO (မဇ္စျိမ)
23 October 2023
ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ပုံအညွှန်း - မြန္ဒာစစ်ဆင်ရေး(မန္တလေး)  အဖွဲ့သားများအား ဒရုန်းနှင့်အတူတွေ့ရစဉ် /ဓါတ်ပုံ -  မြန္ဒာစစ်ဆင်ရေး(မန္တလေး)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိနိုင်ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ငဝဲတောကျေးရွာစာသင်ကျောင်းအတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျနော်တို့ချတဲ့ဗုံးသီးတွေ စစ်ကြောင်းရဲ့လှုပ်ရှားလမ်းကြောင်းပေါ်ကို တိတိကျကျ ရည်မှန်း ချက်အတိုင်း ကျရောက်ခဲ့ပါတယ်၊ ထိခိုက်မှုအခြေအနေက နယ်မြေအနေအထားအရ သေချာသိရဖို့တော့ခက်တယ်၊ ကျနော်တို့မြေပြင်သတင်းအတည်ပြုစုံစမ်းနေပါတယ်၊ စစ်သား ဘယ်နှစ်ကောင်ဘာညာ မသေချာဘဲလည်း ကျနော်တို့ ရမ်းမပြောချင်ပါဘူး” ဟု မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် တိုက်ခိုက်ခံလိုက်ရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်မှုအချို့ ပြုလုပ်ကာ အနီးအနားရှိ ကြည်ကျေးရွာအတွင်းသို့ ဝင်ရောက်သွား ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းကို တိုက်ခိုက်ရန် နှစ်ရက်ကြာ အချိန်ယူထောက်လှမ်းပြီးနောက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်မှာလည်း ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ကြောင်း မြနန္ဒာစစ်ဆင်ရေး (မန္တလေး) အဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ယင်းစစ်ကောင်စီစစ်ကြောင်းသည် ရေဦးနယ်ဘက်မှတဆင့် ဒီပဲယင်းမြို့နယ်အတွင်းသို့အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ဒီပဲယင်းမြို့နယ်ရှိ ၀ပါကျေးရွာအတွင်းက နေအိမ်များနှင့် စပါးကျီများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စာတည်း။    ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly