အများပြည်သူသုံးလမ်းမပေါ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းများအား ကာကွယ်ရေးအဖွဲ့ ရှင်းလင်း

By ပါခွီး (မဇ္စျိမ)
05 September 2023
အများပြည်သူသုံးလမ်းမပေါ် စစ်ကောင်စီတပ်က ထောင်ထားသည့်မိုင်းများအား ကာကွယ်ရေးအဖွဲ့ ရှင်းလင်း
ပုံအညွှန် - စစ်ကောင်စီထောင်ထားသည့် မိုင်းများရှင်းလင်းနေစဥ်။ (ဓါတ်ပုံ - မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း ၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အများပြည်သူအသုံးပြုနေသည့် လမ်းပေါ်တွင် စစ်ကောင်စီတပ်မှထောင်ထားသည့် မိုင်းများကို ရှင်းလင်းခဲ့ရကြောင်း မုံရွာခရိုင် အမှတ်(၁၂) တပ်ရင်း၊ တပ်ခွဲ(၃) လျှပ်စီးတပ်ခွဲတာဝန်ရှိသူက ပြောသည်။ 

အဆိုပါလမ်းပိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့က ဆိုင်ကယ်မောင်းလာသူတဦး၊ နွားလှည်းမောင်းလာသူ တဦးနှင့် ကားမောင်းလာသူတဦး စုစုပေါင်းသုံးဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရှိသွားသည်ဟု ၎င်းကပြော သည်။

“ဒါက စကစ(စစ်ကောင်စီ)က တော်လှန်ရေးကို လုံးဝမနိုင်တော့ဘူးလို့ ပြောချင်တယ်။ ပြည်သူကို ရန်သူ လို သဘောထားလာနေပြီး လူစိတ်လုံးဝပျောက်နေပြီ” ဟု မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုအောင်ဇေက မဇ္စျိမကိုပြောသည်။

လမ်းသွားလမ်းလာများ နင်းမိုင်းထိမှန်ကြောင်းသိရပြီးနောက် လျှပ်စီးတပ်ခွဲနှင့်အတူ နယ်မြေခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက နင်းမိုင်းရှာဖွေရှင်းလင်းခြင်းများပြုလုပ်ခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့ တွင် နင်းမိုင်းလေးလုံး၊ ၂ ရက်နေ့တွင် နင်းမိုင်းသုံးလုံး အသီးသီး ရှာဖွေရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။
ယခင်က စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့တပ်စွဲသည့်နေရာဝန်းကျင်များတွင်သာ မိုင်းထောင်လေ့ရှိပြီး ယခု နယ်မြေစိုးမိုးမှုမရှိတော့သဖြင့် လမ်းမများအပေါ်အထိ မိုင်းထောင်ခြင်းများ ပြုလုပ်လာခြင်းဖြစ်သည် ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က မှတ်ချက်ပြုသည်။

လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်းမှ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးကို ကျေးလက်ဆေးခန်း များတွင် ကုသနေကြောင်း ကိုအောင်ဇေက ဆက်ပြောသည်။

အဆိုပါနင်းမိုင်းများမှာ တရုတ်နိုင်ငံထုတ် M14 မိုင်းအမျိုးအစားဖြစ်ပြီး နှစ်ပေါင်ကျော် အလေးချိန်ရှိကာ ဖိမိသည်နှင့် ပေါက်ကွဲနိုင်ပြီး ငါးမီတာပတ်လည်ရှိ လူကို ထိခိုက်သေစေနိုင်ကြောင်း ၎င်းကပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ပြည်သူ များအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစေရန် သတိထားသွားလာကြရန် သတိပေးထားသည်။

တော်လှန်ရေးအမြန်အဆုံးသတ်ဖို့ အားလုံးညီညွတ်ကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြား ပူး ပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ယင်းအပြင် လက်နက်ခဲယမ်းများ ဈေးမြင့်တက်နေချိန်တွင် ပြည် တွင်းပြည်ပထောက်ပို့များအနေဖြင့် မြေပြင်တွင် အမှန်တကယ်တိုက်ပွဲဝင်နေသည့် စစ်ကိုင်း၊ မကွေးမှ နာမည်မကြီးသောတပ်ဖွဲ့များကို ကြည့်ပေးရန်လိုအပ်ကြောင်း မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းမှ ဒုတပ်ရင်း မှူး ကိုအောင်ဇေက ပြောသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly