သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာ (ရုပ်သံ)

By ဂျူချန်း(မဇ္ဈိမ)
31 August 2023
သံလွင်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် အသက်လုပြေးနေရတဲ့ ရုပ်သံဖိုင်ပေါ်ထွက်လာ (ရုပ်သံ)

ကရင်နီပြည်၊ သံလွင်မြစ်အရှေ့ဖက်ခြမ်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြီးခဲ့တဲ့ ဇွန်လလယ်ကစခဲ့တဲ့ မယ်စဲ့တိုက်ပွဲကနေ လက်ရှိအချိန်အထိ နေ့စဉ်ဆိုသလို တိုက်ပွဲတွေဖြစ်ပွား နေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာတော့ Karenni Army Drone Force ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရုပ်သံဖိုင်တခု တင်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာတော့ စစ်ကောင်စီတပ်စခန်းတခု လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံရလို့ အသက်လုပြီးပြေးနေကြတဲ့ မြင်ကွင်းကိုဖော်ပြထားတာ တွေ့ရပါတယ်။

ရုပ်သံဖိုင်ရဲ့ အညွှန်းစာမှာတော့ “ငါးကြင်းဆီနဲ့ ငါးကြင်းကြော်စားရတာ အရသာရှိလိုက်တာကွာ” လို့ ရေး သားထားပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့က သံလွင်အရှေ့ဖက်ခြမ်း ထိုင်း-ကရင်နီနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်နက် နဲ့ ရိက္ခာသိုလှောင်တဲ့ ဂိုဒေါင်တခုကို ကရင်နီတပ်မတော်(KA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း နိုင် ခဲ့ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KA တပ်ရင်း(၂) ဩဂုတ်လ ၁၄ ရက်နေ့မှာ ထုတ်ပြန် ထားပါတယ်။

အဲဒီနောက် စစ်ကောင်စီထံကသိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ သူတို့ကို ပြန်တိုက်ခိုက်နေပြီး အကျ အဆုံးအလည်းများနေတယ်လို့ KA ဒရုန်းအဖွဲ့က ဒီရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်လာတာပါ။ 

လက်ရှိမှာတော့ ကရင်နီပြည် နေရာအနှံ့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ထိုးနေပြီး တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေး တပ် (KNDF)၊ လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေက အပြင်းအထန် ခုခံတိုက်ခိုက်နေပြီး စစ်အသုံးစားရိတ်တွေလိုအပ်နေတာကြောင့် ပြည်သူ တွေအနေနဲ့ ဝိုင်းကူပေးကြဖို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly