လက်ရှိတော်လှန်ရေး အောင်မြင်ခြင်းသို့ရောက်ရှိမှာ ယုံကြည်ပေမယ့် ရန်သူကို လျှော့ပေါ့တွက်ချက်တာမလုပ်ဖို့  ကရင်နီ စစ်ဦးစီးချုပ် ပြောကြား

By မဇ္ဈိမ 
18 August 2023
လက်ရှိတော်လှန်ရေး အောင်မြင်ခြင်းသို့ရောက်ရှိမှာ ယုံကြည်ပေမယ့် ရန်သူကို လျှော့ပေါ့တွက်ချက်တာမလုပ်ဖို့  ကရင်နီ စစ်ဦးစီးချုပ် ပြောကြား

ကရင်နီပြည်တပ်မတော် KA/ KNDF ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က လက်ရှိတော်လှန်ရေး အောင်မြင်နေပြီဖြစ်ပေမယ့် ရန်သူကို လျှော့ပေါ့တွက်ချက်တာမလုပ်ဖို့ သတိပေးလိုက်ပါတယ်။

ဩဂုတ်လ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့မှာ ကရင်နီပြည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးးမှာ "သတ်သင့်သောလူကို သတ်ရမှာပဲ။ သေသင့် သောလူလည်း သေရမှာပဲ"ဆိုတဲ့ တော်လှန် ရေး နိယာမ သဘောတရားဖြင့် ရန်ငါပြတ်နိုင်ကြရန်နဲ့ မတွေဝေကြရန် မြေပြင်တပ်မှူး၊ တပ်သားတွေကို ကရင်နီပြည် တပ်မတော် KA/KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က သတိပေး ပြောကြားထားတာပါ။

လက်ရှိ စစ်အာဏာရှင် တော်လှန်ရေးမှာ ဗမာလူမျိုးအများစုမှာ တော်လှန်ရေးမှာပါဝင် တော်လှန်လာကြပြီဖြစ်တာကြောင့် တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်ရှိမည်ဟု လုံးဝယုံကြည်တယ်လို့လည်း ၎င်းက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအချောင်သမားတွေ၊ ဘာသာရေးအချောင်သမားတွေကို မယုံကြည်ဖို့ ပြောကြားရင်း မိမိတို့ ကရင်နီလူမျိုးတွေဟာ သဘာဝဒဏ်ကို ခံနိုင်ပေမယ့် နိုင်ငံရေးဒဏ်ကို မခံနိုင်ကြဘူးလို့ ဆိုပါတယ်။

ကရင်နီပြည် တပ်မတော်နေ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ သဝဏ်လွှာ ပေးပို့ခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ မည်မျှပင် ရုပ်ပိုင်းဆိုင်ရာအင် အား သာလွန်နေစေကာမူ ကရင်နီပြည် စစ်မြေပြင်တွင် အလူး အလဲ ရှုံးနိမ့်လျက်ရှိကြောင်း၊ ကရင်နီတပ်မတော်၊ ကရင်နီ အ မျိုးသားကာကွယ်ရေးတပ်နဲ့ အခြားသော တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထက်သန်ပြင်းပြတဲ့ တော်လှန် တိုက် ခိုက်လိုစိတ်၊ စစ်ရေးစွမ်းရည်နဲ့ ပူးပေါင်းအားထုတ်မှု များကို အလေးအနက် ဦးညွှတ်အသိအမှတ်ပြု ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် စစ်တပ်ကို လုံးဝအနားယူခွင့်မပေးဘဲ အမြစ်ပြတ်တဲ့ အထိ ဝိုင်းပတ်ချေမှုန်းရမယ့် တော်လှန်ရေးအဆုံး အဖြတ်ကာလသို့ မကြာမီရောက်ရှိလာတော့မှာဖြစ်ကြောင်း ကရင်နီတပ်မတော်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။

ကရင်နီပြည်တပ်မတော်ကို ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှာ တပ်မှူး ခုနစ်ဦး၊ ရဲဘော် ခုနစ်ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ  လေကြောင်း၊ သံချပ်ကာ၊ လက်နက်ကြီး၊ အမြောက်၊ အတွဲလိုက်ပစ်ဒုံးများကို အင်အားအလွန်အကျွံ အသုံးပြုပြီး ယနေ့အချိန်ထိ ကရင်နီ ပြည်နယ်ကို ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ကရင်နီပြည် (ကယားပြည်နယ်)မှာ တိုက်ပွဲတွေကြောင့် လူဦးရေ နှစ်သိန်းကျော်ဟာ နေရပ်စွန့်ခွာနေရပြီး အများစုက ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly