လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် အသက်မပြည့်သူအပါအဝင် ရွာသား ၂ ဦး သေဆုံး

By ဂျူချန်း (မဇ္ဈိမ)
11 July 2023
လွိုင်ကော်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် အသက်မပြည့်သူအပါအဝင် ရွာသား ၂ ဦး သေဆုံး

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက  စစ်ကောင်စီ တပ်၏ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ကလေးတဦးနှင့် ရွာသားတဦး သေဆုံးခဲ့ကြောင်း သတင်း ရင်းမြစ်ထံမှ သိရသည်။ 

ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မိုးဗြဲမြို့မှထွက်လာသည့် စစ်ကား ၁၅ စီးပါ စစ်ကောင်စီ ယာဉ်တန်းသည် လွိုင်ကော်မြို့၊ နွားတဝိုးကျေးရွာအနီး၌တိုက်ခိုက်ခံခဲ့ရကာ ထိခိုက်မှုအသေး စိတ်ကို မသိ ရသေးကြောင်း လွိုင်ကော် PDF မှ ရဲဘော်တဦးက ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်မှာအထိနာသွားသဖြင့် လမ်းတလျှောက် ပြန်လည်ပစ် ခတ်ခဲ့ပြီး လွိုင်ကော်မြို့ အမတ(၃၅၆)မှလည်း လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ရာ ကုန်းသာ ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် ကလေးတဦးနှင့် နွားတဝိုးကျေးရွာမှ ရွာသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

ကယန်းသာယာကျေးရွာတွင်လည်း လက်နက်ကြီးကျည်ကျရောပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ များရှိပြီး နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။

“သူတို့အထိအခိုက်များတော့ ရမ်းသန်းပစ်နေတာ။ နွားလဝိုးမှာ နှစ်ဦးသေတယ်သတင်းရပေမယ့် တဦး ကိုပဲ အတည်ပြုနိုင်သေးတယ်။ အဲဒီရွာတွေက ဒီ မိုးဗြဲ-လွိုင်ကော် လမ်းတကြောမှာရှိတဲ့ ရွာတွေပါ။ သူတို့ ယာဉ်တန်းတစ်လျှောက် တလမ်းလုံးရမ်းပစ်လာတာ။ လွိုင်ကော်မြို့ထဲကလည်း လက်နက်ကြီးနဲ့ လှမ်းပစ် တယ်။ နေအိမ်ပျက်စီးတာရှိတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၃၆၅ ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင် ၁၃၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF မှ ဇူလိုင်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly