ကျိုက်ထိုတွင် တိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်၍  အရပ်သား ၂ ဦး ဒဏ်ရာရ

By YT(မဇ္ဈိမ)
27 August 2023
ကျိုက်ထိုတွင် တိုက်ခိုက်ခံရသည့်စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်၍  အရပ်သား ၂ ဦး ဒဏ်ရာရ
ပုံအညွှန်း- KNLA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် ( ဓါတ်ပုံ- KNU)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏တိုက်ခိုက်ခံခြင်းရသော စစ်ကောင်စီယာဉ်တန်းက ပြန်လည်ပစ်ခတ်သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်တွင် မွန်ပြည်နယ်မှ ပဲခူးတိုင်း၊ ဝေါမြို့နယ်ဘက်သို့ မောင်း နှင်လာသည့် စစ်ကောင်စီတပ်မှဖောကားခြောက်စီးအား ရန်ကုန်-မော်လမြိုင်လမ်း၊ ကျိုက်ထိုမြို့နယ်၊ ဒေါင်းတောင်ကျေးရွာအနီးတွင် တပ်မဟာ(၁) KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များက မိုင်းနှစ်လုံးဆွဲတိုက် ခိုက်ပြီးနောက် RPG ၊ အီနာဂါ လက်နက်ကြီးများ၊ သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကောင်စီယာဉ်တန်း၌ပါလာသည့် တပ် သားများက ရန်ကုန်-မော်လမြိုင်လမ်းဘေးတလျှောက်အား လက်နက်ကြီးနှင့် သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးရဲဘော်က ဆိုသည်။

စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လမ်းတွင်သွားလာနေသည့် အင်္ဂဘိုကျေးရွာမှ အမျိုးသားနှစ်ဦး ဦးခေါင်းနှင့် လက်မောင်းတွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ဒဏ်ရာရတဲ့ နှစ်ယောက်လုံးကတော့ကျိုက်ထိုဆေးရုံမှာပဲ၊ တယောက်က နှဖူးမှာထိတယ်၊ တစ်ယောက် ကလက်မောင်းမှာ၊ အရမ်းတော့မစိုးရိမ်ရပါဘူး” ဟု အင်္ဂဘိုကျေးရွာမှ ဒေသခံတဦးကမဇ္ဈိမကို ပြောသည်။

“ရန်သူဘက်က ကားတစီးက တော်တော်လေး ထိခိုက်သွားတယ်။ အထိနာသွားပုံရတယ်။ မုပ္ပလင်လမ်း ဆုံဂိတ်မှာ ကားထားခဲ့ပြီးတော့ ကျန်တဲ့သူတွေ ဒဏ်ရာတော်ရုံရတဲ့သူတွေကို မှန်လုံနဲ့တင်သွားတယ်။ သေသွားတဲ့ကောင်တွေကို အဲဒီမှာမြှုပ်ပေါ့၊ ဒဏ်ရာအပြင်းအထန်ရတဲ့ကောင်တွေကတော့ ကျိုက်ထိုဆေးရုံကို ပို့တယ်ပြောတယ်။ ဘယ်လောက်ကျတယ်၊ ဘယ်လောက်ထိတယ်ဆိုတာတော့ အတိအကျမသိရဘူး ဖြစ် နေတယ်။ သူတို့ရဲ့ဂိတ်ထဲမှာဆိုတော့ သတင်းယူဖို့ ခက်ခဲသွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ် တဦးကမဇ္ဈိမကိုပြောသည်။

စစ်ယာဉ်တန်းသည် ပဲခူးတိုင်းဘက်သို့ ဆက်လက်ထွက်ခွာသွားသော်လည်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေး ဂိတ်တွင် ကားတစီးထားခဲ့ရပြီး ကားငါးစီးဖြင့်သာ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီအထိုင်ချတပ်စခန်း၊ တပ်ရင်းများ၊ စစ်ဆေးရေးဂိတ်စခန်းများ၊ ကင်းပုန်း များ၊ စစ်ယာဉ်တန်းများအား တပ်မဟာ(၁) KNLA ပါဝင်သော တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏ သွားရောက် တိုက်ခိုက်လေ့ရှိကြောင်း၊ တိုက်ခိုက်ခံရတိုင်းလည်း စစ်ကောင်စီဘက်မှ အထိအခိုက်များရှိကြောင်း သိရသည်။ 

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required