ကရင်နီရှေ့တန်းမှ ပြန်လာသည့် စစ်သားများတွင် ရွှေနှင့်ငွေအများအပြားပါလာ၊ နေအိမ်ဖောက်ထွင်းခံရဟု ကရင်နီဒေသခံများပြော

By ရွှေနွယ်၊ ဂျူချန်း
09 July 2023
ကရင်နီရှေ့တန်းမှ ပြန်လာသည့် စစ်သားများတွင် ရွှေနှင့်ငွေအများအပြားပါလာ၊ နေအိမ်ဖောက်ထွင်းခံရဟု ကရင်နီဒေသခံများပြော
ခလရ၁ တပ်မှာစစ်ကောင်စီတပ်သားများ(ပုံဟောင်း)

ကရင်နီပြည်ရှေ့တန်းမှ မင်းလှမြို့အခြေစိုက် ခလရ (၁) တပ်သို့ ပြီးခဲ့သည့်သတင်းပတ်အတွင်းက ပြန်လာသော သုံးပွင့်ဗိုလ်ကြီးတိုးလှိုင်မြင့်နှင့် တပ်ကြပ်တင်ဇော်မိုးတို့တွင် ရွှေထည်ပစ္စည်းများနှင့် ငွေကြေး အများအပြားပါလာသည်ဟု တပ်တွင်းသတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ကရင်နီရှေ့တန်းတွင် တာဝန်ကျနေသော တပ်ကြပ်ကြီး ကြည်ခိုင်၊ တပ်ကြပ်ကြီး ရဲဝင်း နှင့် တပ်ကြပ် သန်းထိုက်တို့က လူကြုံ ထည့်ပေးလိုက်သည့် ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။ 

"ကရင်နီကပြန်လာတာ ပါလာတာအများကြီး သိန်းရာဂဏန်းတောင်ရှိမလားမသိ။ သူတို့က ရောက်တဲ့အရပ်မှာအကုန်ယူတယ်။ ရွှေရရွှေ ငွေရငွေ နောက်ဆုံး စောင်နဲ့ထမီတောင် သစ်ရင်သယ်ပါတယ်ဆို။ ပြီးခဲ့တဲ့အခေါက်ကလည်း အဲ့လိုပဲပါလာသေးတယ် ရွှေအစစ်ထင်ပြီး မင်းလှမြို့ပေါ်တက်ရောင်းတာမှာ ရွှေတွေက ရွှေရည်စိမ်အတုတွေဖြစ်နေလို့။ သူတို့က ဟိုးအရင် ၂၀၀၇(ရွှေဝါရောင်သံဃာ့အရေးအခင်းဖြစ်ပွားသည့်နှစ်) တုန်းကလည်း ရန်ကုန်တာဝန်ကျက အပြန် ဘုန်းကြီးကျောင်းတွေက ပစ္စည်းတွေယူလာတာ ဆွမ်းချိုင့်တွေက အစပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်မှပြောသည်။

တပ်ကြပ်တင်ဇော်မိုးမှာ ကားမောင်းရန်ရှိသည့်အတွက် လူအပြောင်းအလဲလုပ်ခြင်းဖြစ်ကာ သုံးပွင့်ဗိုလ်ကြီးတိုးလှိုင်မြင့်မှာ ထွက်ခွင့်တင်ထားသည်မှာ ကြာပြီဖြစ်သည့်အတွက် နောက်တန်းသို့ပြန်လည်ရောက်ရှိလာကြခြင်းဖြစ်ကြောင်း သိရသည်။

မင်းလှမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁) သည် အင်းမမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် တပ်မ(၆၆) လက်အောက်ခံ တပ်ရင်းတစ်ခုဖြစ်ပြီး အဆိုပါ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် စစ်အာဏာသိမ်းပြီးစ၂၀၂၁ ခုနှစ်မှစကာ ကရင်နီဒေသတွင် တာဝန်ကျနေကြခြင်းဖြစ်သည်။

"ကရင်နီမှာ တပ်မ ၆၆ က ရှိနေတာကြာပြီ။ ဒီကအခြေစိုက်တပ်တွေနဲ့ ရောနေတာ။ ဒီးမော့ဆိုမှာဆိုရင် မြို့ပေါ်မှာလူတွေ တစ်ယောက်မှ မရှိကြတော့ဘူး စစ်ကောင်စီက မြို့အတွင်းမှာနေရာယူထားတာ တစ်နှစ်ကျော်ပြီ။ သူတို့နေရာယူထားပြီးတဲ့နောက်မှာ PDF တွေဘက်က ဒရုန်းနဲ့ကင်းထောက်ကြည့်တာမှာ ပြည်သူပိုင်အိမ်တွေထဲက ဗီဒိုတွေဘာတွေစစ်သွားတာတွေမြင်ရတယ်” ဟု ဒီးမော့ဆိုဒေသခံက မဇ္ဈိမကိုပြောသည်။

အလားတူ  ရွာသစ်မြို့၊ ဖရူဆိုမြို့နှင့် ဖားဆောင်းမြို့နှင့် အခြားမြို့နယ်များတွင် တိုက်ပွဲများပြင်းထန်၍ စစ်ရေးတင်းမာနေသောကြောင့် ပြည်သူများတိမ်းရှောင်နေရချိန်တွင် စစ်ကောင်စီက နေအိမ်များကို ဖောက်ထွင်းသည်ဟု ကရင်နီဒေသခံများက  ပြောသည်။

"ဖရူဆိုမှာလည်း အရင်က ဖြစ်တာပေါ့။ အဖောက်ခံရတဲ့အိမ်တွေ ရေတောင် မရေနိုင်ဘူး။ တချို့လည်း နှစ်ချီပြီးအိမ်မပြန်ကြရတော့ ဘာတွေပျောက်လို့ ပျောက်မှန်းတောင် မသိရဘူး။ စစ်ကောင်စီတပ်သားတွေ ယူသွားကြတယ်" ဟု ဖရူဆိုမြို့ဒေသခံက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလအတွင်းက ဒီးမော့ဆို PDF ထံသို့ထွက်ပြေးလာသော ခမရ(၄၂၈)တပ်မှ စစ်ကောင်စီတပ်သားမျိုးဝင်းက "သူတို့က တွေ့တဲ့ပစ္စည်းတွေဆို ယူလာတယ် ။ ပြီးရင်သူတို့ခွဲယူကြတယ်။ ကျွန်တော့်ကိုကျတော့ သူတို့မလိုချင်တာမှ ပေးတယ်။ ကျွန်တော်က ယူမလာပါဘူး။ တပ်ထဲမှာ မူးယစ်ဆေးဝါးတွေလည်း သုံးကြတယ်" ဟု ဝန်ခံဖြေဆိုထားသည်ကို တွေ့ရသည်။

ကရင်နီပြည်တွင်သာမက စစ်ကိုင်းတိုင်းနှင့် ကရင်ပြည်နယ်ကဲ့သို့သော စစ်ရေး ပြင်းထန်သည့် ဒေသများတွင်လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသည့်အခါ ပြည်သူပိုင်နေအိမ်များအတွင်းမှ ရွှေ၊ ငွေ ၊အိမ်သုံးပစ္စည်းနှင့် ကျွဲနွားတိရိစ္ဆာန်များပါ ယူဆောင်သွားလေ့ရှိသည်ဟု သတင်းမီဒီယာများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များတွင် မကြာခဏမြင်တွေ့ရလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းကလည်း တပ်မဟာ(၆)နယ်မြေအတွင်း ကော်ဘရာစစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်တွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများတွင်  ပြည်သူ့ထံမှ ခိုးယူ၊ လုယက်ထားသော ရွှေငွေ ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ဖူးသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly