ပါကစ္စတန်တွင် ဟိန္ဒူမိန်းကလေးများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အတင်းအကျပ် ဘာသာကူးပြောင်းစေခြင်းများ ဆက်ဖြစ်ပွားနေ

By ANI 
21 March 2023
ပါကစ္စတန်တွင် ဟိန္ဒူမိန်းကလေးများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အတင်းအကျပ် ဘာသာကူးပြောင်းစေခြင်းများ ဆက်ဖြစ်ပွားနေ

ပါကစ္စတန်တွင် ဟိန္ဒူမိန်းကလေးများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အတင်းအကျပ် ဘာသာကူးပြောင်းခိုင်းခြင်းများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ဆင်းဒ်ပြည်နယ်၊ သာပါကာခရိုင် မယ်လ်ဟီရွာမှ အစ္စဝါဘီးလ်က ၎င်း၏ အသက် ၂၀ အရွယ်သမီးဖြစ်သူ ဂတ်ဒီဘီးလ်သည် မတ်လ ၈ ရက်တွင် အစ်ကိုဖြစ်သူအတွက် ဆေးရုံမှ အဖျားပျောက်ဆေး သွားယူပြီးပြန်လာစဉ် မီးရ်ပူးရ်ခါဆွန်မြို့၊ တန်ဒိုအဒမ်နော်ကွတ်ရွာမှ ဆစ်ခ်ခန်ဒါဘာဂျီးယာ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ အမျိုးသမီးသည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ရန် ဖိအားပေးခံခဲ့ရပြီး ထိုသို့ဘာသာကူးပြောင်းခြင်းသည် အတင်းအကျပ် ဖိအားပေးစေခိုင်းခြင်းကြောင့်မဟုတ်ဘဲ မိမိသဘောအလျောက် ပြုလုပ်သည်ဆိုသော ကတိသစ္စာပြုလွှာကို အတင်းအကျပ် လက်မှတ်ရေးထိုးခဲ့ရကာ မီးရ်ပူးရ်ခါဆွန်မြို့ ရဲမှူးကြီး (SSP) နှင့် ဒုတိယ မင်းကြီး(DC)ထံ တင်သွင်းပေးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

အရွယ်မရောက်သေးသော ဟိန္ဒူမိန်းကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး ရဲတပ်ဖွဲ့က အမှုဖွင့်ခွင့်မပြုခဲ့သည့်  နောက်ထပ်ဖြစ်စဉ်တွင် အူမာကော့ဒ်ရွာသား တယ်လ်ဟိုမယ်လ်မိုက အရွယ်မရောက်သေးသည့် မိန်းကလေးအား ရွာမှ သြဇာရှိသူများက မူးယစ်စေသော အချိုရည်များတိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သမီးရှင်ဖြစ်သူက ပြောပြသည်။

ဖခင်ဖြစ်သူက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ရဲတပ်ဖွဲ့က လူပျောက်မှု ဖွင့်မပေးခဲ့ဟု ဆိုသည်။

ဆင်းဒ်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း အရွယ်မရောက်သေးသည့် ဟိန္ဒူမိန်းကလေးများကို ပြန်ပေးဆွဲကာ အတင်းအဓမ္မဘာသာကူးပြောင်းခိုင်းမှု  နောက်ထပ် ၃ ခု ဖြစ်ပွားခဲ့သည်။ 

ဖြစ်စဉ်တစ်ခုတွင် အသက် ၁၃ နှစ်အရွယ် ဘရစ်ရှ်နာဘီးလ်သည် ကျောင်းမှ ပြန်လာစဉ် မီးရ်ပူခါးမြို့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။ ရည်းစားဖြစ်သူနှင့် ခိုးရာလိုက်ပြေးခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး လူပျောက်မှုတိုင်ကြားချက်ကို အမှုဖွင့်မပေးခဲ့ဟု ၎င်း၏ဖခင်ဖြစ်သူက ပြောကြားခဲ့သည်။ 

ပါကစ္စတန်နိုင်ငံတွင် လူနည်းစု အထူးသဖြင့် ဟိန္ဒူအသိုင်းအဝိုင်းမှ မိန်းကလေးငယ်များကို ပြန်ပေးဆွဲကာ အတင်းအဓမ္မဘာသာပြောင်းခြင်းနှင့်ပတ်သက်ပြီး ကရာချိမြို့တွင် မတ်လ ၁၃ ရက်က “Aurat” ခေါင်းစဉ်ဖြင့်ကျင်းပသော အခမ်းအနားတစ်ခုတွင် ဆင်းဒ်နှင့် ပန်ဂျပ်ပြည်နယ်များရှိ ခရိုင်အသီးသီးမှ လူမှုရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required