ပါကစ္စတန်တွင် အိမ်တွင်းအကြမ်းဖက်မှုများ မကြာခဏမြင့်တွေ့လာရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ပြောကြား

By ANI
07 March 2023
ပါကစ္စတန်တွင် အိမ်တွင်းအကြမ်းဖက်မှုများ မကြာခဏမြင့်တွေ့လာရကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ ပြောကြား

ပါကစ္စတန်တွင် အမျိုးသမီး ၄၀ ရာခိုင်နှုန်းသည် ဘဝတစ်လျှောက်တွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ကြရကြောင်း လေ့လာမှုများက ဖော်ပြနေသည်။  

အိမ်တွင်းအကြမ်းဖက်မှုများမှာ တွေ့နေကျ သာမန်ပြဿနာလိုဖြစ်နေကြောင်း နိုင်ငံတွင်းရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်ဟု ပါကစ္စတန်အခြေစိုက် The News International Newspaper က ဖော်ပြသည်။

ယောက်ျားကြီးစိုးသော တွေးခေါ်မှုအလေ့အထ၊ ယိုယွင်းလာသော စီးပွားရေးအခြေအနေ၊ ဘာသာရေးအစွန်းရောက်မှု၊ လူဦးရေတိုးလာမှု၊ ခွဲခြားဆက်ဆံမှု ဓလေ့ထုံးတမ်းများနှင့် ကျပ်တည်းမှုအခြေအနေများ၏ သက်ရောက်မှုစသည့် အကြောင်းအရာများက ပါကစ္စတန်လူ့အဖွဲ့အစည်းတွင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်စေသော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်ဟု The News International က ဖော်ပြသည်။

ပါကစ္စတန်တွင် ကွာရှင်းထားသော အမျိုးသမီးများ၊ မုဆိုးမများနှင့် တရားဝင်မကွာရှင်းဘဲ ယောက်ျားနှင့်ကွဲနေသော အမျိုးသမီးများသည် အိမ်ထောင်ရှိ အမျိုးသမီးများထက် အကြမ်းဖက်မှုကို ပိုမိုခံစားရသည်။ အကြမ်းဖက်မှုကို အိမ်ထောင်ရှိသူများတွင်သာ တွေ့ရသည်မဟုတ်ပေ။ ပါကစ္စတန်တွင် အသက် ၁၅ မှ ၄၉ နှစ်ကြား အိမ်ထောင်မပြုရသေးသော အမျိုးသမီး ၃၉ ရာခိုင်နှုန်းသည် ရင်းနှီးကျွမ်းဝင်သောသူများ၏  အကြမ်းဖက်မှုကို တစ်ချိန်ချိန်တွင် ခံစားကြရကြောင်း လူနေမှုဘဝနှင့် ကျန်းမာရေးအချက်အလက်အခြေခံစစ်တမ်း (DHS) တွင်ဖော်ပြထားသည်။ 

ပါကစ္စတန်၌ ၂၀၂၁ ခုနှစ် တစ်နှစ်ထဲတွင် အမျိုးသမီးများပေါ်အကြမ်းဖက်မှုဖြစ်စဉ် ၁၄ ၁၈၉ ခု ဖြစ်ပွားခဲ့သည်။

ဂူဂျ်ရမ်ဝါလာမြို့တွင် မကြာသေးမီက ၈ နှစ်အရွယ် မိန်းကလေး ၁ ဦး အသတ်ခံရမှုကို  နိုင်ငံ၏လူ့အခွင့်အရေး ကော်မရှင် (NCHR) က သတိပြုခဲ့သည်။ သူမသည် မိသားစုဝင်များ၏ နှိပ်စက်မှုကြောင့်ရရှိသော  ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။

ပန်ဂျပ်ပြည်နယ်၌ သေဆုံးသွားသည့်ယောက်ျား၏အိမ်၌နေသော အမျိုးသမီးနှင့် ၎င်း၏မိခင်သည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရ၍ ရဲထံ တိုင်တန်းသောအခါ ထိုအိမ်မှလူများ၏ ရိုက်နှက်မှုကို ခံခဲ့ကြရသည်ဟုဆိုသည်။  

ထို့အပြင် ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်ရှိ အမျိုးသမီးများသည် ပြန်ပေးဆွဲခံရမှုများကြုံရကာ လုံခြုံမှုမရှိကြောင်း မီဒီယာများတွင် မကြာသေးမီက ဖော်ပြခဲ့သည်။ နောက်ဆုံးဖြစ်ရပ်မှာ လာခါနားမြို့၏ အလာဟာဘတ်ရဲစခန်းဧရိယာမှ အသက် ၁၅ နှစ်အရွယ်မိန်းကလေး ၁ ဦးပြန်ပေးဆွဲခံခဲ့ရသည်။ မိသားစုဝင်များက မိန်းကလေးငယ် ပြန်ပေးဆွဲခံရမှုအပေါ် ဆန္ဒပြခဲ့ကြကာ ကယ်တင်ပေးရန် တောင်းဆိုခဲ့ကြသည်။ 

ပြန်ပေးဆွဲခံ‌ရသော မိန်းကလေးငယ်၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့်တိုင် ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်ရန် အဆင်သင့်မဖြစ်သေးကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ 

ဆင်းဒ်ပြည်နယ်သည် အထူးသဖြင့် ဟိန္ဒူအမျိုးသမီးများအတွက် ဘေးကင်းမှုမရှိဟု စွပ်စွဲပြောဆိုမှုများရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required