ဘလိုချီစတန်ပြည်နယ်ဝန်ကြီးကို ၃ လောင်းပြိုင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီး 

By ANI
02 March 2023
ဘလိုချီစတန်ပြည်နယ်ဝန်ကြီးကို ၃ လောင်းပြိုင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီး 

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်  ဆောက်လုပ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဆာဒါအဗ္ဗဒူ ရာမန် ခီထရန်ကို ဘာခန်းခရိုင်ရှိ ရေတွင်းတစ်ခုတွင်တွေ့ရသော သတ်ဖြတ်ခံထားရသူ ၃ ဦးနှင့် ဆက်စပ်သည်ဟုဆိုကာ ပါကစ္စတန်ရဲများက ဖမ်းဆီးခဲ့ကြောင်း ARY သတင်းဌာနက ဖော်ပြသည်။

ဝန်ကြီး ခီထရန်သည် အဆိုပါ ၃ လောင်းပြိုင်လူသတ်မှုအတွက် စွပ်စွဲခံရကာ ထိန်းသိမ်းခံထားရပြီး ကတ်တာမြို့တွင်လည်း ဆန္ဒပြသူများက တရားမျှတမှုတောင်းဆိုကာ ၂ ရက်ဆက်တိုက် ထိုင်သပိတ်ဆင်နွှဲခဲ့ကြသည်။  

ပြည်နယ်ဝန်ကြီးက စွပ်စွဲချက်များသည် အခြေအမြစ်မရှိကြောင်းနှင့် သူသည် လွန်ခဲ့သည့် ၁၀ ရက်လုံး ကတ်တာမြို့တွင် ရှိနေကြောင်း တုံ့ပြန်ခဲ့ကာ ထောင်ကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေကြောင်း  ဒေသတွင်း မီဒီယာ Urdu Point က ဖော်ပြခဲ့သည်။ 

ရုပ်အလောင်းများထည့်ထားသည့် အခေါင်း ၃ ခုနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက်က ဆန္ဒပြခဲ့သူများက ခီထရန်အား အရေးယူပေးရန်၊ ရာထူးမှဖယ်ရှားရန်နှင့် ဖမ်းဆီးထားသူ ၅ ဦးကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

အသတ်ခံရသူ ၃ ဦး၏ မိသားစုဝင်ဖြစ်သော မူဟာမက်မာရီက ခီထရန်သည် ၎င်း၏ အခြားမိသားစုဝင် ၅ဦးကို သီးသန့်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု စွပ်စွဲခဲ့သည်။

ဘာခန်းဒေသတွင်ဖြစ်ပွားခဲ့သောနောက်ဆုံးဖြစ်ရပ်တစ်ခုမှာ ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့သူ မိန်းကလေး ၁ ဦး၏ ရုပ်အလောင်းကို ရေတွင်းတစ်ခုအတွင်း၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါရုပ်အလောင်းကို ရင်ခွဲစစ်ဆေးခဲ့ရာ လိင်ပိုင်းဆိုင်ရာစော်ကားခံထားရကြောင်း တွေ့ရှိခဲ့ကြသည်။

အသက် ၁၇ နှစ် သို့မဟုတ် ၁၈ နှစ်အရွယ်ရှိသည့်  မိန်းကလေးသည် လိင်ပိုင်းဆိုင်ရာ စော်ကားခံရပြီး နှိပ်စက်ခံခဲ့ရကြောင်း မှုခင်းခွဲစိတ်ဆရာဝန် ဒေါက်တာ အေးရှားဖဇ်က ပြောသည်။ မိန်းကလေး၏ ဦးခေါင်းတွင် သေနတ်ဖြင့် ၃ ချက် ပစ်ခံထားရပြီး ရုပ်ဖျက်ရန် မျက်နှာနှင့်လည်ပင်းတို့ကို အက်ဆစ်ဖြင့် လောင်းထားသည်ဟု ဆိုသည်။

ပါကစ္စတန်ရဲတပ်ဖွဲ့သည် ဘာလိုချီစတန်ခရိုင် ဆောက်လုပ်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး၏ နေအိမ်များသို့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဝင်ရောက်စီးနင်းခဲ့သည်။

“ဒါတွေက ဟာဂျီကော့ရှ်ဒေသက သီးသန့်အချုပ်ခန်းမှာ ပြီးခဲ့တဲ့ ၄ နှစ်လုံး ထိန်းသိမ်းခံထားရတဲ့ ကျွန်တော့် ဇနီးနဲ့ သားနှစ်ယောက်ရဲ့ အလောင်းတွေပါပဲ” ဟု မာရီက ပြောကြားခဲ့ပြီး အသက် ၄၀ နှစ်အရွယ် ဇနီးဖြစ်သူ ဂရန်နာ့ဇ်၊ သားဖြစ်သူ အသက် ၂၂ နှစ်အရွယ် မိုဟာမက်နှင့် ၁၅ နှစ် အရွယ် အဗ္ဗဒူကာဒါတို့၏ ရုပ်အလောင်းများ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ 

ထို့ပြင် ဘာလိုချီစတန် ရှေ့နေများအဖွဲ့ သည် လူသတ်မှုများကို ကန့်ကွက်သည့်အနေဖြင့် ဖေဖော်ဝါရီ ၂၃ ရက်က တရားရုံးသို့ မသွားဘဲ သပိတ်မှောက်ခဲ့ကြသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required