စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခဲ့သည့် မြန်မာဒုက္ခသည်ဦးရေ ၃၀,၀၀၀ ကျော် ရှိ

စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခဲ့သည့် မြန်မာဒုက္ခသည်ဦးရေ ၃၀,၀၀၀ ကျော် ရှိ

စက်တင်ဘာ ၇

ယမန်နှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် မြန်မာနိုင်ငံမှ ပြည်သူ ၃၀,၀၀၀ ကျော်သည် နိုင်ငံတကာနယ်စပ်ကို ဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ဝင်ရောက်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး လားချမ်လိုင်ယာနာက စက်တင်ဘာ ၆ ရက်တွင် ပြည်နယ်လွှတ်တော်ကို ပြောသည်။

မြန်မာနိုင်ငံသား ၃၀,၄၀၁ ဦးအနက် ၂၉,၂၅၃ ဦးသည် လက်ရှိတွင် ပြည်နယ်တွင် ခိုလှုံနေထိုင်လျက် ရှိကြောင်း ဩဂုတ် ၂၀ ရက်က ပြည်နယ်ပြည်ထဲရေးဌာနသို့ ဒုတိယကော်မရှင်နာများ တင်သွင်းသော အစီရင်ခံစာများတွင် ဖော်ပြထားကြောင်း လားချမ်လိုင်ယာနာက ပြောသည်။

မီဇိုရမ်ပြည်နယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံသားများကို မည်သူမည်ဝါခွဲခြားဖော်ပြမှုကို ပြီးစီးထားသလို သက်သေခံကတ်ပြားများ ထုတ်ပေးထားကာ ထိုကတ်ပြားကိုင်ဆောင်သူကို ဒုက္ခသည်တစ်ဦးအဖြစ် ထောက်ခံချက်ပေးထားကြောင်း ၎င်းက ပြောသည်။

“ကိုယ်ရေးအချက်အလက်ဖော်ပြတဲ့ လုပ်ငန်းစဉ်က ပြီးစီးသလောက်ဆိုပေမယ့် ဒါက ဆက်လုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ အဆင့်လိုက် လုပ်ရမှာဖြစ်ပါတယ်။ နောက်ထပ် အသစ်ထပ်ဝင်လာသူတွေ ရှိနေဆဲဖြစ်လို့ပါ။ တချို့ကျတော့လည်း သူတို့ရဲ့ ရွာတွေကို ပုံမှန် ပြန်လာနေကျဖြစ်တာကြောင့်ပါ” ဟု ၎င်းက ပြောသည်။

ပြည်နယ် သဘာဝဘေးဒုက္ခဆိုး စီမံခန့်ခွဲမှုနှင့် ပြန်လည်ထူထောင်ရေးဌာနက ကူညီကယ်ဆယ်မှုအဖြစ် လက်ရှိအချိန်အထိ ရူပီး သုံးကုဋေ ထုတ်ပေးထားကြောင်း လားချမ်လိုင်ယာနာက ပြောသည်။

ထို့ပြင် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား တိုက်ပွဲများကြောင့် မီဇိုရမ်ပြည်နယ် တောင်ဘက်စွန်းရှိ လောင်တလိုင် ခရိုင်သို့ နောက်ထပ်မြန်မာနိုင်ငံသားများ ထပ်မံဝင်ရောက်ခဲ့မှုများ ရှိခဲ့ကြောင်း ပြည်နယ်အစိုးရအရာရှိတစ်ဦးက ပြောသည်။

ဩဂုတ် ၃၁ ရက်က မြန်မာအာဏာသိမ်းစစ်တပ်နှင့် အေအေအကြား တိုက်ပွဲများဖြစ်ပြီးနောက် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံမှ နောက်ထပ် လူပေါင်း ၅၈၉ ဦးသည် လောင်တလိုင်ခရိုင်ထဲ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လောင်တလိုင် ခရိုင်ခွဲအရာရှိ တီတီ ဘိုင်ခါအီဇီက ပြောသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly