မြန်မာစစ်ဘေးရှောင်များ ဇီဝမှတ်တမ်းကောက်ယူမှု ရပ်ဆိုင်းကြောင်းကြေညာ

By ပါခွီး (မဇ္စျိမ)
29 September 2023
မြန်မာစစ်ဘေးရှောင်များ ဇီဝမှတ်တမ်းကောက်ယူမှု ရပ်ဆိုင်းကြောင်းကြေညာ
ပုံအညွှန်း - မီဇိုရမ်ပြည်နယ် သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး (ဓါတ်ပုံ -   All India Radio News)

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ ခိုလှုံနေကြသော မြန်မာနိုင်ငံသား စစ်ဘေးရှောင်များ၏ ဇီဝမှတ်တမ်းများကောက်ယူနေမှု ပြုလုပ်တော့မည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရ သတင်းနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီး ပူးလားရွပ်ကီးမား က စက်တင်ဘာလ ၂၇ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းကို All India Radio News ရုပ်သံမှ ထုတ်လွှင့်ခဲ့သည်။

အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဌာနမှ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာစစ် ဘေးရှောင်များနှင့် ဘင်္ဂလားဒေ့ရှ်မှ ခိုလှုံလာသူများကို ဖိအားပေး၍ ဇီဝမှတ်တမ်းများကို ကောက်ယူစေခဲ့ကြောင်းဆိုသည်။

 ခိုလှုံလာသူများမှာ နယ်နိမိတ်စည်းခြားထားသော်လည်း သွေးချင်းညီအကိုများဖြစ်ပြီး မလိုလားအပ်သော နောက်ဆက်တွဲ အခက်အခဲဖြစ်နိုင်ပြီး မှတ်သား ခွဲခြား ဆက်ဆံမှုမျိုး လက်မခံနိုင်သောကြောင့် ဇီဝအချက်များဆက်လက်မကောက်ခံတော့ရန် ၎င်းတို့အစိုးရမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုသည်။  

အိန္ဒိယနိုင်ငံသည် ဒုက္ခသည်များဆိုင်ရာကွန်ဗင်းရှင်း (၁၉၅၁ ခုနှစ်) သဘောတူညီချက်နှင့် နောက်ဆက်တွဲ ပရိုတိုကော (၁၉၆၇ ခုနှစ်) များကို လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် ခိုလှုံလာသူများအရေးနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အရ စည်းနှောင်ထားခြင်းမရှိသောကြောင့် ဒုက္ခသည်အဆင့်အတန်း ပေးပိုင်ခွင့်မရှိကြောင်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

၎င်းအပြင် စစ်ဘေးရှောင်များကို ကူညီစောင့်ရှောက်ရန်အတွက် ဗဟိုအစိုးရသို့ ရန်ပုံငွေတောင်းခံရာတွင်လည်း အခက်အခဲများစွာကြုံတွေ့ခဲ့ရသော်လည်း ၎င်းတို့ ပြည်နယ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံးကြိုးစားလုပ်ဆောင်ခဲ့ကြောင်း ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ကတော့ ဒီကိစ္စတင်မကဘဲ ကဏ္ဍပေါင်းစုံမှာ မီဇိုရမ်အစိုးရအနေနဲ့ အမြဲတမ်းကူညီခဲ့တာရှိတယ် ၊ မြန်မာ့အရေးမှာ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုအတွက် အရေးပါတဲ့ ပြည်နယ်တခုအဖြစ်ရှိနေတဲ့အတွက်  လှိုက်လှိုက်လှဲလှဲကြိုဆိုတယ်၊ အပြုသဘောဆောင်တဲ့ ကူညီမှုတွေအမြဲတမ်း လုပ်ဆောင်ပေးဘို့  ဒီထက် အတွင်းကျကျ ပါဝင်လာနိုင်ဖို့ တောင်းဆိုချင်ပါတယ်” ဟု India For Myanmar လှုပ်ရှားမှု ဦးဆောင်သူ ဆလိုင်းဒိုခါရ် က မဇ္စျိမ ကိုပြောသည်။

ဗဟိုအစိုးရ၏ လုပ်ဆောင်ချက်က လက်တွေ့မကျကြောင်း အခြေခံယူဆချက် နှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ တောင်းဆိုချက်များကို နားထောင်ကာ ဇီဝ မှတ်တမ်းကောက်ယူနေမှုကို ရုပ်သိမ်းခဲ့ခြင်းဖြစ်နိုင်ကြောင်းဆိုသည်။

၎င်းအပြင် ကောက်ခံရရှိလာသော ဇီဝမှတ်တမ်းအချက်အလက်များကို မည်သည့်နေရာတွင် အသုံးပြုမည်ဆိုသည့် အချက်အလက်ခိုင်မာမှုမရှိခြင်း ၊ လုံခြုံမှုကို အာမ မခံနိုင်ခြင်းနှင့် အနာဂါတ် မြန်မာပြည်နှင့်ဆက်ဆံရေးများအပေါ် ထည့်သွင်းသုံးသပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဆလိုင်းဒိုခါရ်က ဆက်ပြောသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်များတွင် ခိုလှုံနေသော မြန်မာနိုင်ငံသားများကို ဇီဝမှတ်တမ်းများကောက်ယူရန် ဗဟိုအစိုးရက ညွှန်ကြားခဲ့ပြီးနောက် ယခုနှစ် ဇူလိုင်လအကုန်ပိုင်းတွင် စတင်ကောက်ခံခဲ့ခြင်းဖြစ်သည်။

ခိုလှုံနေသော မြန်မာနိုင်ငံသားများသည် ၎င်းတို့၏ ဇီဝအချက်အလက်များ စစ်ကောင်စီထံ ရောက်သွားနိုင်သဖြင့် လုံခြုံရေးအတွက်စိုးရိမ်ပူပန်မှုများဖြစ်ခဲ့ပြီး ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့ စစ်ဘေးရှောင်စန်း သုံးခုနှင့် အိုက်ဇောလ်မြို့တွင် ဇီဝမှတ်တမ်းစမ်းသပ် ကောက်ခံခြင်းမျိုးရှိခဲ့သော်လည်း ယခုတွင် ၎င်းလုပ်ငန်းရပ် ဆိုင်းသွားပြီဖြစ်ကြောင်း မြန်မာစစ်ဘေးရှောင်များကို ကူညီနေသည့် Network for Unity Association Mizoram (NUA) တာဝန်ရှိသူထံက သိရသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီမှ တိုင်းပြည်အာဏာကိုလုယူပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၆၀,၀၀၀ (ခြောက်သောင်း) ခန့် ဝင်ရောက် ခိုလှုံလျက်ရှိကြောင်း သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required