မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းများ ရိက္ခာအခက်ကြုံ

By ပါခွီး(မဇ္စျိမ)
25 August 2023
မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်စခန်းများ ရိက္ခာအခက်ကြုံ
ပုံအညွှန်း - မြန်မာစစ်ဘေးရှောင်များထံ စားနပ်ရိက္ခာပေးဝေနေစဥ် ဓါတ်ပုံ။ - Network for Unity Association

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှာင် စခန်းများတွင် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း Network for Unity Association ( NUA) အဖွဲ့ထံက သိရသည်။

မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ် ၊ မာမစ် နှင့် ကော်လ်လက်စစ် ခရိုင်တို့ရှိ စခန်း ခြောက်ခုတွင် ရိက္ခာအခက်အခဲများကြုံတွေခဲ့ရပြီး ၎င်းတို့အဖွဲ့မှ အလှူရှင်များ၏ ကူညီမှုနှင့်အတူ အရေးပေါ်ရိက္ခာဖြန့်ဝေပေးခဲ့ကြောင်းဆိုသည်။

“ကျနော်တို့သွားခဲ့တဲ့ ကမ့်(Camp) တွေထဲမှာ တချို့က အစိုးရအသိအမှတ်ပြုပြီး ဖွင့်ပေးထားတာရှိတယ် ၊တချို့ကတော့ ပုဂ္ဂလိက ခြံမြေမှာ တဲထိုးပြီးနေကြတယ်။ သူတို့တွေ ၂၀၂၃ နှစ်ဆန်းကစပြီး အထောက်အပံ့အကူအညီတွေ မရကြတော့ဘူး၊ မိုးတွင်းဆိုတော့ အလုပ်အကိုင်ကလည်းရှားပါးတဲ့အတွက် မှိုချိုးမျှစ်ချိုးစား နေကြရတာ” ဟု NUA အထွေထွေအတွင်းရေးမှူး ဇိုးနွန်နာ က မဇ္စျိမ ကို ပြောသည်။

စစ်ဘေးရှောင်များတွင် စားဝတ်နေရေးအပြင် ဘာသာစကား အခက်အခဲနှင့် စခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများမရှိဘဲ နီးစပ်ရာမြို့များသို့ သွားရောက်ကုသရကြောင်း သိရသည်။

မြန်မာစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်များ ကြုံတွေ့ရသည့် အကြောင်းအရင်းများအနက် ဒေသခံများထံမှ အကူအညီနှင့် အလှူရှင်များ နည်းပါးသွားရခြင်းသည် အဓိကဖြစ်ကြောင်း ဆိုသည်။

ဒေသခံများထံမှ အလှူနည်းပါးရခြင်းမှာ မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ တင်သွင်းလာမှု မြင့်မားလာခြင်းနှင့် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်သော ရာဇဝတ်အမှုအခင်းများအပေါ် အမြင်မကြည်လင်မှုနှင့် ၎င်းတို့၏ လူမျိုးများ ပါဝင်ပတ်သက်သည့် မဏိပူရပြည်နယ် လူမျိုးစုအရေးအခင်းဖြစ်စဥ်များအပေါ်ပိုမိုအာရုံစိုက်သွားသည့်အတွက် ဖြစ်နိုင်ကြောင်း ဇိုးနွန်နာ က သုံးသပ်ပြောဆိုသည်။

ယင်းသို့ စားနပ်ရိက္ခာများခက်ခဲနေသဖြင့် ဩဂုတ်လ ၂၁ရက်နေ့က အိုက်ဇောလ်ခရိုင် အတွင်းရှိ ဆိုက်ရမ် ၊ စီမွှေး (၁) ၊ စီမွှေး(၂) ၊ မာမစ်ခရိုင်အတွင်းမှ ငါ့လ်ကျန်မ် ၊ ဒပ်ပချွပ် နှင့် ကော်လ်လက်စစ်ခရိုင် ခမ်ရမ်းစခန်းများသို့ ရူပီး ၁၅၀,၀၀၀(မြန်မာငွေ သိန်း၆၀) တန်ဖိုးရှိ စားနပ်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဖြန့်ဝေပေးနိုင်ရန်အတွက် Project Chin Hills (USA ) မှ ရူပီး ၁၀၀,၀၀၀ ၊ ပူးတန်ပွီးရာ မှ စားသုံးဆီ ဖာ ၃၀ ၊ ပူးဇိုခူးမာ ထံမှ ရူပီး ၅၀,၀၀၀ နှင့် ပူးတွားလ်ငါ မှ ခေါက်ဆွဲခြောက် ၃၅၀  ပါဝင်ခဲ့ကြပြီး အလှူရှင်များနှင့် ဖြစ်မြောက်ရေးအတွက် အဓိက ဆောင်ရွက်ပေးသော အမေရိကန်မှ Rebecca Fanai အထူးကျေးဇူးတင်ကြောင်း UNA အတွင်းရေးမှူးက ဆိုသည်။

မီဇိုရမ်ပြည်နယ်အတွင်း ဆန်အပါအဝင် စားနပ်ရိက္ခာအခက်အခဲရှိနေသော မြန်မာ စစ်ဘေးရှောင်စခန်းများစွာရှိနေကြောင်းသိရပြီး အလှူရှင်များအနေဖြင့် ၎င်းတို့ နှင့် အတူပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က တိုင်းပြည်အာဏာလုယူပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ လွှတ်တော်ကိုယ်စားလှယ်များ ၊ CDMအပါအဝင် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၅၀,၀၀၀ ကျော် ခိုလှုံလျက်ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required