နေအိမ်နှင့်စပါးကျီများ မီးရှို့ခံရသည့် မတူပီဒေသခံများကို ငွေကြေးထောက်ပံ့

By ကိုခင်မောင်(မဇ္စျိမ)
29 September 2023
နေအိမ်နှင့်စပါးကျီများ မီးရှို့ခံရသည့် မတူပီဒေသခံများကို ငွေကြေးထောက်ပံ့

ချင်းပြည်နယ်တောင်းပိုင်း၊ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ်နှင့် စပါးကျီများကို မီးရှို့ဖျက်ဆီးခံရာ မီးဘေးသင့်အိမ်ထောင်စုများအတွက် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

မတူပီမြို့နယ်အတွင်းမှ နေအိမ်မီးရှို့ခံရသော အိမ်ထောင်စု ၅၅စုအတွက် တအိမ်ထောင်လျှင် ကျပ်ငွေ ၁၃၀,၀၀၀ စီနှင့် စပါးကျီမီးရှို့ခံရသော အိမ်ထောင်စု လေးစုအတွင် တအိမ်ထောင်လျှင် ကျပ်ငွေ ၁၀၀,၀၀၀ နှုန်းဖြင့် ငွေကြေးစုစုပေါင်း ၇၅၀,၀၀၀ ကျပ်ကို သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ထောက်ပံ့ပေးခဲ့သည်ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းမှ မဇ္စျိမအားပြောသည်။

“အခုကူညီပေးခဲ့တာကတော့ ၂၀၂၂ ၊ ၂၀၂၃ ခုနှစ်အတွင်းမှာ စကစရဲ့  မီးရှို့ ခံထားတဲ့ အိမ်ထောင်စုတွေပါ။ သူတို့က ပြည်တွင်းမှာနေတဲ့ စစ်ဘေးရှောင်တွေပေါ့ ။ ကျွန်တော်တို့ ပြည်ပရောက်နေတဲ့ မတူပီအသိုင်းဝိုင်းကနေ ပို့ပေးတာကို ပြည်သူ့အုပ်ချုပ်ရေးမှတဆင့် ပြန်ပြီးတော့ ထောက်ပံ့ပေးတာပဲရှိတယ်။” ဟု မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးမှူး ဆလိုင်းပါထောင်းက ဆိုသည်။

ထိုမီးဘေးသင့် မတူပီဒေသခံများအား  ပြည်ပရောက်နေသော မတူပီအဖွဲ့အစည်းများဖြစ်သည့်  Indiana Matu Families & Friends၊ Chin Youth Organization - South Korea၊ Grace Myanmar Church- Florida တို့မှ ပံ့ပိုးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူရှင်များအပေါ် အထူးကျေးဇူးတင်ရှိပါကြောင်းလည်း ၎င်းသတင်းနှင့် ပြန်ကြားရေးမှူးမှ ပြောသည်။

မတူပီမြို့နယ် ဝလံပီကျေးရွာတွင် စပါးကျီ တလုံး၊ ဝလံတဲကျေးရွာတွင် လူနေအိမ် ၁၄လုံး၊ စပါးကျီနှစ်လုံး၊  ကလားကျေးရွာတွင် လူနေအိမ် ၃၁လုံး၊ ငလိုင်ကျေးရွာတွင် နေအိမ် သုံးလုံး၊ ခွါငန်းကျေးရွာတွင် စပါးကျီ တလုံး၊ အမ်လိုင်ကျေးရွာတွင် လူနေအိမ် တလုံး၊ ရဲန်ခဲန်းကျေးရွာတွင် လူနေအိမ် သုံးလုံး၊ မွှန်တုန်ကျေးရွာတွင် လူနေအိမ် တလုံးနှင့် ရမ်တိန်းကျေးရွာတွင်လူနေအိမ် နှစ်လုံး စုစုပေါင်း လူနေအိမ်နှင့် စပါးကျီ ၅၉လုံးတို့ကို ၂၀၂၂ခုနှစ်၊ ၂၀၂၃ခုနှစ်တွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ခြင်းခဲ့သည်ဟု ဆိုသည်။

ယခုလက်ရှိတွင် စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားသော မတူပီဒေသခံများသည် စစ်ကောင်တပ်စစ်ကြောင်း ငြိမ်နေ၍ ၎င်းတို့အိမ်နေရာအဟောင်းတွင်ပင် မိုးကာတဲလေးများထိုးပြီးပြန်နေကြကာ တောင်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး  အသက်မွေးဝမ်းကြောင်းပြုကြကြောင်း သိရသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း မီးဘေးသင့်အိမ်ထောင်စုများအတွက်  မိုးကာတာလပတ်များဝယ်နိုင်ရန် ငွေကြေးများဖြင့်  ထောက်ပံ့ပေးခဲ့သေးကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေပြီး မတူပီမြို့နယ်ဒေသခံ ၈,၀၀၀ ကျော်သည် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

ဓာတ်ပုံ။   ။ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပုံအညွှန်း။   ။ နေအိမ်နှင့် စပါးကျီမီးရှို့ခံခဲ့ရသော မတူပီဒေသခံများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly