တရုတ်နိုင်ငံ Three Gorges ဆည်၌ စံချိန်တင်ဆည်ရေမြင့်တက်

တရုတ်နိုင်ငံ Three Gorges ဆည်၌ စံချိန်တင်ဆည်ရေမြင့်တက်

ဩဂုတ် ၂၀ 

တရုတ်နိုင်ငံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယန်ဇီမြစ်အထက်ပိုင်း ရေကြီးရေလျှံမှုများ ဖြစ်ခဲ့ကာ ယခုသီတင်းပတ် ဗုဒ္ဓဟူးနေ့က Three Gorges Dam ရေအားလျှပ်စစ်ဆည်တွင် စံချိန်တင် ရေမြင့်တက်မှုဖြစ်ခဲ့သည်။

စက်မှုဇုန်မြို့တော် Chongqing ရှိ မြစ်ဘေးလမ်းမများတွင်လည်း ရေလွှမ်းခဲ့ပြီး စီးပွားရေးလုပ်ငန်းအများအပြား  ပိတ်သိမ်းခဲ့ရသည်။ မြို့တော်၏ကွန်မြူနစ်ပါတီအတွင်းရေးမှူး Chen Min'er က ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရေးအတွက် ဦးစားပေးလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

ရေကြီးမှုကြောင့် ယန်ဇီမြစ်နှင့်ဝေးရာ ကုန်းမြင့်ပေါ်တွင်တည်ရှိသော မော်တော်ကားနှင့် display panel စက်ရုံများ၏ လုပ်ငန်းလည်ပတ်မှုကို  တိုက်ရိုက်ထိခိုက်မှုမရှိဟု ယုံကြည်ရသည်။ Isuzu မော်တော်ကားစက်ရုံသည် ခါတိုင်းကဲ့သို့ပင် မော်တော်ယာဉ်များနှင့် အင်ဂျင်စက်များကို ဆက်လက်ထုတ်လုပ်လျက်ရှိသည်။ Chongqing တွင် ပစ္စည်းများထုတ်လုပ်ပြီး ဝူဟန်တွင် ယာဉ်အစိတ်အပိုင်းများတပ်ဆင်သည့် Honda မော်တော်ကားစက်ရုံသည်လည်း ယခုတစ်ခေါက်တွင် ရေကြီးမှုကြောင့် သက်ရောက်မှုတစ်စုံတစ်ရာမရှိခဲ့ဟုဆိုသည်။ 

သို့သော် မြစ်ကြောင်းမှတစ်ဆင့် ကုန်စည်ပို့ဆောင်မှုကို အင်္ဂါနေ့တွင် ရပ်နားခဲ့သောကြောင့် ပစ္စည်းတချို့တင်ပို့မှုများ နှောင့်နှေးခဲ့သည်။   ကမ္ဘာ့အကြီးမားဆုံး Three Gorges ဆည်ထဲသို့ ရေစီးဝင်မှုသည် မကြာမီ တစ်စက္ကန့်လျှင်  ကုဗမီတာ ၇၆ ၀၀၀ အထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိမည်ဟု ခန့်မှန်းရကြောင်း နိုင်ငံပိုင် ရုပ်သံလွှင့်ဌာန CCTV က ထုတ်လွှင့်ခဲ့သည်။ 

အဆိုပါဆည်ကြီးတွင် ရေလွှဲပေါက် ၁၀ ခုမှနေ၍ တစ်စက္ကန့်လျှင် ကုဗမီတာ ၄၈ ၀၀၀ နှုန်းဖြင့် ရေများထုတ်လွှတ်လျက်ရှိသည်။   ဆည်အတွင်း ရေအမှတ်သည် ကြာသပတေးနေ့ရောက်သည်နှင့် အန္တရာယ်ကင်း သတ်မှတ်အဆင့်ဖြစ်သည့် ၁၄၅ မီတာ (၄၇၆ ပေ) အထက်ကိုကျော်လွန်၍ ၁၆၆ မီတာ (၅၄၅ ပေ) အထိ မြင့်တက်နိုင်သည်ဟု ခန့်မှန်းရသည်။ Three Gorges ဆည်ကြီးကို ၂၀၀၆ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့ပြီး အမြင့်ဆုံးရေအမှတ် ၁၇၅ မီတာ (၅၇၄ ပေ) အထိ ထိန်းနိုင်သည်။   ပြီးခဲ့သည့်လက မိုးပြင်းထန်စွာရွာသွန်းပြီးနောက်ပိုင်း ရေပိုလွှတ်မှုတိုးမြှင့်ခဲ့သောကြောင့် ဟူပေနှင့်အန်ဟွေးပြည်နယ်များရှိ မြစ်အောက်ပိုင်းတွင် ရေလျှံမှုများဖြစ်ခဲ့သည်။  

အင်္ဂါနေ့က တရုတ်သမ္မတရှီကျင့်ဖျင်သည် အန်ဟွေပြည်နယ်သို့ သွားရောက်ခဲ့ကာ ရေကြီးမှုအတွက် ကြိုတင်ပြင်ဆင်ပြီး တိုက်ဖျက်နိုင်မည့် ခေတ်မီနည်းလမ်းများလုပ်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။   “ရေကြီးရေလျှံမှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ သဘာဝပတ်ဝန်းကျင်ကိုလည်း လေးစားလိုက်နာရပါမယ်။ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်နေထိုင်ပြီး ဓမ္မတရားနဲ့အညီ လိုက်လျောညီထွေအောင်နေသင့်ပါတယ်” ဟု သမ္မတရှီက ပြောခဲ့သည်။ 

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့်  ဖေဖော်ဝါရီလနှင့်မတ်လက တရုတ်နိုင်ငံရှိ စက်ရုံအများအပြား ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်။ ဧပြီလမှစ၍ နိုင်ငံ့စီးပွားရေး ပြန်လည်နာလန်ထူလာစဉ်မှာ မော်တော်ကား၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် display panel (ဖန်သားပြင်) စက်ရုံများအခြေစိုက်ရာဖြစ်သော ယန်ဇီမြစ်ဝှမ်း တစ်လျှောက် ရေဘေးအန္တရာယ်များကြောင့် လုပ်ငန်းများ ပြန်လည်ထိခိုက်လာနိုင်ဖွယ်ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly