တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခန့်ဝန်ကြီးအချို့ နေပြည်တော်တွင် တွေ့ဆုံ 

By 001 (မဇ္စျိမ)
19 September 2023
တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီခန့်ဝန်ကြီးအချို့ နေပြည်တော်တွင် တွေ့ဆုံ 

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း နှင့် စစ်ကောင်စီခန့် ဝန်ကြီးအချို့ စက်တင်ဘာလ ၁၈ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီဝါဒဖြန့် မြဝတီသတင်းအရ သိရသည်။

တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ အစိုးရ အဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်တို့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေး၊ မြန်မာ-တရုတ် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကိစ္စ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေ များအပြင် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ ကြောင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အစိုးရအဖွဲ့ရုံး(၂)ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံစဉ်တွင်လည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန် လည်နေရာချထားရေး၊ NCA စာချုပ်လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက်အခမ်း အနားကျင်းပမည့်ကိစ္စ နှင့် ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ် အာရှအထူးကိုယ်စားလှယ်၏ နေပြည်တော် ခရီးစဉ်နှင့် ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ NUG နဲ့ စစ်ကောင်စီ အင်အားယှဉ်ပြိုင်မှုမှာ သိသိသာသာ စစ်ကောင်စီဘက်က နိမ့်ပါး နေတာပေါ့၊ အားနည်းနေတာပေါ့။ ဒါကို တိုးမြှင့်ပေးဖို့အတွက် လာပြီး မန်းမှုတ်ပေးတာလို့ ကျွန်တော်က တော့ ယူဆပါတယ်”ဟု ဆိုသည်။

တဖက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာ အမြဲတမ်းကိုယ် စားလှယ်နေရာတွင် ဆက်ထားရန် ရှိ၊ မရှိ ကိစ္စနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီက ဆုံးဖြတ်ရန်ရှိနေချိန်တွင် လာရောက်သည့်ခရီးစဉ်ဖြစ်သည့်အတွက် ယင်းကိစ္စနှင့်လည်း ပတ်သက်နိုင် ကြောင်း ဦးသန်းစိုးနိုင်က သုံးသပ်သည်။

တရုတ် အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်း၏ ယခုခရီးစဉ်မှာ စစ်ကောင်စီထံ လေး ကြိမ်မြောက်လာရောက်သည့်ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လာရောက်မှုတွင်လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly