ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အဆောင်အယောင်နှင့် ကားများ အသိမ်းခံရ၊ စီးကူးဒုဝန်ကြီး စစ်ဆေးခံရ 

By 001 (မဇ္စျိမ)
19 September 2023
ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အဆောင်အယောင်နှင့် ကားများ အသိမ်းခံရ၊ စီးကူးဒုဝန်ကြီး စစ်ဆေးခံရ 

အကျင့်ပျက်လာဘ်စားမှုဖြင့် စစ်ဆေးခံနေရသော စစ်ကောင်စီ၀င် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ၏ အဆောင်အယောင်များနှင့် ကားများကို သိမ်းလိုက်ပြီဖြစ်ပြီး ၎င်းနှင့်ရင်းနှီးသူ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း နေပြည်တော် သတင်းရင်းမြစ်တခုအရ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းမှာ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ လည်း ဖြစ်သည်။

သွင်းကုန်ကိစ္စ၊ ဒေါ်လာကိစ္စများနှင့်ဆက်နွှယ်ပြီး နေပြည်တော်နှင့် ရန်ကုန်တို့မှ လုပ်ငန်းရှင်များကို ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ပြီးနောက် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်ပေးရကြောင်းပေါ်ပေါက်ပြီးနောက် ဖမ်းဆီးစစ်ဆေးခြင်း ဖြစ်ပေါ်လာခဲ့သည်။

ထို့ပြင် မိုးမြင့်ထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဉ်(၃၀)အတူတက်ရောက်ခဲ့သော စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် ခေါ်ယူစစ်ဆေးခံနေရသည်ဟု ဆိုသည်။ 
 
မဇ္ဈိမအနေဖြင့် အသေးစိတ်အချက်အလက်များ မသိရှိရပါ။
သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်များအရ ဒုတိယဝန်ကြီး ဦးညွန့်အောင်အနေဖြင့် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI)၌ပြုလုပ်ခဲ့သည့် အစည်းအဝေးတခုတက်ရောက်ပြီးနောက်ပိုင်း မည်သည့် အစည်းအဝေးမှ တက်ရောက်ခြင်းမရှိပေ။

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုမှာ ဝိသမလောဘသား ကုန်သည်များကြောင့်ဖြစ်ကြောင်း စစ်ကောင်စီ က ပြီးခဲ့သည့်ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြောဆိုပြီး နောက်ပိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များအပါအဝင် ဖမ်းဆီးမှု ရာဂဏန်းပင်ကပ်သွားပြီ ဖြစ်ကြောင်း လုပ်ငန်းရှင်တဦးက မဇ္ဈိမသို့ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly