မာရဝိဇယရုပ်ပွားတော်သို့ လာရောက်သူများ ဖုန်းဖြင့်ဓာတ်ပုံရိုက်ကူးမှုအတွက် အခကြေးငွေ ပေးဆောင် ရန်မလိုဟု ပြင်ဆင်သတ်မှတ်

By ကီရာ(မဇ္ဈိမ)
17 August 2023
မာရဝိဇယရုပ်ပွားတော်သို့ လာရောက်သူများ ဖုန်းဖြင့်ဓာတ်ပုံရိုက်ကူးမှုအတွက် အခကြေးငွေ ပေးဆောင် ရန်မလိုဟု ပြင်ဆင်သတ်မှတ်

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နေပြည်တော်တွင် တည်ထားသော မာရဝိဇယရုပ်ပွားတော်သို့ လာရောက်မည့်သူများအနေဖြင့် ဖုန်းဖြင့်ဓာတ်ပုံရိုက်ကူးမှုအတွက် အခကြေး ငွေပေးဆောင်ရန်မလိုကြောင်း ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ပြင်ဆင်သတ်မှတ်လိုက်သည်။

မာရဝိဇယရုပ်ပွားတော်အတွက်ဖွင့်လှစ်ထားသည့် လူမှုကွန်ရက်စာမျက်နှာ၌ ဩဂုတ်လ ၁၅ ရက်နေ့ ညပိုင်းက လူကြီးတဦးလျှင် ဝင်ကြေး ၁,၀၀၀ ကျပ်၊ ကလေးတဦး (ရင်ခွင်ပိုက်မပါ) ၁,၀၀၀ ကျပ်၊ နိုင်ငံခြား သားတဦးလျှင်  ၁၀ ဒေါ်လာ ၊ အပျော်ရိုက် (ဖုန်း၊ ကင်မရာ) တို့အတွက် ၅,၀၀၀ ကျပ် ကောက်ခံမည် ဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အလှဓာတ်ပုံရိုက်ခြင်း (ဗီဒီယိုအပါ) ၅၀,၀၀၀ ကျပ်နှင့် နာရီဝက်ကျော်တိုင်း ၅,၀၀၀ ကျပ် ထပ်မံ တိုးမြှင့်ကောက်ခံမည်ဟု ဖော်ပြထားသည်။ အလားတူ ယာဉ်ဝင်ခွင့်အနေဖြင့် တစီးလျှင် ကားပါကင်အထိ ၂၀,၀၀၀ ကျပ်နှင့် Buggy (လေးယောက်စီး)တစီးလျှင် တနာရီ ၁၀,၀၀၀ ကျပ် ကောက်ခံသွားမည်ဟုဆို သည်။

ယနေ့ ဩဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်း၌ အဆိုပါ မာရဝိဇယရုပ်ပွားတော် လူမှုကွန်ရက်စာမျက်နှာတွင် ဘုရားဖူးများ ပိုမိုအဆင်ပြေစွာဖူးမျှော်နိုင်ရန်အတွက် ဝင်ကြေးများပြန်လည်ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

ယင်းကြေညာချက်၌ မူလ ကောက်ခံရန်သတ်မှတ်ထားသည့် နှုန်းထားများပြောင်းလဲသွားခြင်းမရှိသော် လည်း အပျော်ရိုက် (ဖုန်း၊ ကင်မရာ)ဆိုသည့်နေရာတွင် အပျော်ရိုက်ကင်မရာအတွက် ၅,၀၀၀ ကျပ်ဟု သတ်မှတ်ထားပြီး ဖုန်းဖြင့်ရိုက်ကူးမှုအတွက် အခကြေးငွေကောက်ခံခြင်း မပြုတော့သည်ကို တွေ့ရသည်။

ယခုသို့ နှုန်းထားကောက်ခံမှုများ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်တပ်ထောက်ခံ အားပေးသူအချို့က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှ ဝေဖန်မှုနေကြသည်။
စစ်တပ်ထောက်ခံသူဘုန်းကြီးတပါးကလည်း “ ဒို့အဘက တောင်းချင်လွန်းလို့မဟုတ်ပါဘူး။ ကမ္ဘာ့အကြီး ဆုံး စကျင်ဆင်းတုဆိုတဲ့ဂုဏ်နဲ့ညီအောင် ကမ္ဘာ့ဈေးအကြီးဆုံး ဖူးခတောင်းတာ ဖြစ်မှာပါနော်”ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

စစ်ကောင်စီက မာရဝိဇယရုပ်ပွားတော်သည် ကမ္ဘာတဝန်းလုံးတွင် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး အံ့ဖွယ်ရုပ်ပွားတော်ဖြစ်လာမည့်အတွက် နေပြည်တော်သို့ နိုင်ငံတကာခရီးသွားဘုရားဖူးများ ပိုမိုဝင် ရောက်လာနိုင်ကြောင်း ၎င်းထိန်းချုပ်ထားသော မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ဖူးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required