တရုတ်စီးပွားရေးကို ဘာကြောင့် မပြုပြင် မပြောင်းလဲနိုင်ရတာလဲ

By The Economist
27 August 2023
တရုတ်စီးပွားရေးကို ဘာကြောင့် မပြုပြင် မပြောင်းလဲနိုင်ရတာလဲ

တရုတ်နိုင်ငံသည် ၁၉၇၈ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးလောကသို့ ပြန်လည်ဝင်ရောက်လာပြီးနောက် သမိုင်းတစ်လျှောက် အံ့မခန်းတိုးတက်မှုအရှိဆုံး နိုင်ငံဖြစ်လာခဲ့သည်။ လယ်ယာပြုပြင်ပြောင်းလဲမှု၊ စက်မှုလုပ်ငန်းနှင့် ဝင်ငွေများ တိုးမြင့်လာမှုကြောင့် လူသန်း ၈၀၀ နီးပါးကို အလွန်အမင်းဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေခဲ့သည်။ ၁၉၈၀  ခုနှစ်တွင် အမေရိကထုတ်ကုန်၏ ၁၀ ပုံ ၁ ပုံမျှသာ ထုတ်လုပ်ခဲ့ပြီးနောက် ယခုအခါ တရုတ်၏ စီးပွားရေးသည် အမေရိကန်၏ ၄ ပုံ ၃ ပုံခန့် အရွယ်အစားရှိသည်။ သို့သော် တရုတ်အစိုးရက ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကို ၂၀၂၂ ခုနှစ်အကုန်တွင် စွန့်လွှတ်ပြီးနောက် အခြေအနေပိုကောင်းလာရမည့်အစား အခြေအနေဆိုးတစ်ခုမမှ နောက်တစ်ခုသို့ ရွေ့လျားနေသည်။

အမေရိကန်က စီးပွားရေးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်းရှိနိုင်ချိန်တွင် တရုတ်စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် နှစ်စဉ်တိုးတက်မှုနှုန်း ၃ ဒသမ ၂ ရာခိုင်နှုန်းသာရှိကာ အခြေအနေအရ ပိုဆိုးလာမည့်ဟန်ရှိသည်ဟု ထင်ရှားသောအဖွဲ့အစည်းတစ်ခုက ခန့်မှန်းခဲ့သည်။ အိမ်ရာဈေးများ ကျဆင်းပြီး အိမ်မဆောက်မီ ရောင်းလိုသော အိမ်ခြံမြေလုပ်ငန်းရှင်များသည် လုပ်ငန်းရပ်နားလိုက်ကြသဖြင့် ဝယ်ယူသူများအတွက် စိုးရိမ်စရာဖြစ်လာသည်။ စားသုံးသူ အသုံးစရိတ်၊ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်များလည်း လျော့နည်းလာသည်။

ကမ္ဘာ့နိုင်ငံအများစုက အလွန်အမင်းငွေကြေးဖောင်းပွမှုဒဏ်ကို ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံသည် ဆန့်ကျင်ဘက်ပြဿနာကို ကြုံတွေ့နေရကာ ယခုနှစ် ဇူလိုင်လအထိ စားသုံးသူဈေးနှုန်းများ ကျဆင်းခဲ့သည်။ တရုတ်နိုင်ငံသည် ၁၉၉၀ ပြည့်လွန်နှစ်များက ဂျပန်ကြုံတွေ့ရသကဲ့သို့ ငွေကြေးကျုံ့မှု ထောင်ချောက်ထဲ ရောက်သွားနိုင်သည်ဟု လေ့လာသုံးသပ်သူအချို့က သတိပေးထားသည်။
ဂျပန်နိုင်ငံ၏ လူနေမှုအဆင့်အတန်းသည် ၁၉၉၀ ပြည့်နှစ်တွင် အမေရိကန်၏ ၆၀ ရာခိုင်နှုန်းခန့်ရှိခဲ့ကာ ယနေ့ အချိန်တွင် တရုတ်က ၂၀ ရာခိုင်နှုန်းအောက်တွင်သာရှိသည်။ ဂျပန်နှင့်မတူစွာ တရုတ်သည် ဝယ်လိုအား အားနည်းခြင်းနှင့် အကြွေးထူခြင်းထက် ပိုဆိုးသောအရာကို ကြုံနေရသည်။  ထိုစိန်ခေါ်မှုအများအပြားသည် စီးပွားရေးမူဝါဒချမှတ်မှု မအောင်မြင်ခြင်းမှ အစပြုခဲ့ကာ သမ္မတရှီကျင့်ဖျင်က အာဏာကို ချုပ်ကိုင်ထားခြင်းကြောင့် ပိုမိုဆိုးရွားလာသည်။

စည်းကမ်းထိန်းသူများသည် ၂၀၂၀ ခုနှစ်မှ စတင်ကာ လက်ဝါးကြီးအုပ်လွန်းသည်ဟု ယူဆရသည့် အောင်မြင်သော စားသုံးသူနည်းပညာကုမ္ပဏီများကို နှိမ်နင်းခြင်းဖြင့် စျေးကွက်များကို တင်းကျပ်ခဲ့သည်။ တာဝန်ရှိသူများသည် အသွားအလာကန့်သတ်ခြင်းဖြင့် အချိန်ဆွဲခဲ့သော်လည်း လူအလုံအလောက်ကို ကာကွယ်ဆေးထိုးရန် ပျက်ကွက်ခဲ့ပြီး အလွန်ကူးစက်တတ်သော အိုမီခရွန်မျိုးကွဲပျံ့နှံ့မှုကို ကြုံတွေ့ခဲ့ရသည်။

တရုတ်အစိုးရက အမှားများကို ဆက်လုပ်ဆောင်နေရသည့် အကြောင်းရင်းတစ်ခုမှာ ရေတိုတိုးတက်မှုသည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ ဦးစားပေးမဟုတ်တော့ခြင်းကြောင့် ဖြစ်သည်။ တရုတ်အနေဖြင့် ရေရှည်တည်တံ့သော စီးပွားရေးနှင့် အမေရိကန်နှင့် ဖြစ်နိုင်ခြေရှိသော စစ်ရေးပဋိပက္ခအတွက် ပြင်ဆင်ရထားရမည်ဟု သမ္မတရှီက ယုံကြည်လက်ခံထားသည့် လက္ခဏာများပင်ဖြစ်သည်။ 

ထို့ကြောင့် ယနေ့အချိန်တွင် ရှီကျင့်ဖျင်သည် နိုင်ငံတော်ကြီးမြတ်မှု၊ လုံခြုံရေးနှင့် ခံနိုင်ရည်ရှိရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ရှီသည် ထိုရည်မှန်းချက်များ အောင်မြင်ရန် ရုပ်ပိုင်းဆိုင်ရာစွန့်လွှတ်အနစ်နာခံမှုများ ပြုလုပ်လိုစိတ်ရှိပြီး ရောက်ရှိလိုသည့်အတိုင်းအတာအထိ အရည်အသွေးမြင့်တင်ပေလိမ့်မည်။

ရှီကျင့်ဖျင်က စံနှုန်းများ ချမှတ်ထားသော်လည်း တရုတ်ကွန်မြူနစ်ပါတီ၏ဆုံးဖြတ်ချက်များတွင် ချို့ယွင်းချက်ရှိသည်။ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒမအောင်မြင်မှုသည် ရှီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည်။ နည်းပညာကုမ္ပဏီများကို တိုက်ခိုက်ခြင်းသည် လုပ်ငန်းရှင်များကို ထိတ်လန့်စေခဲ့သည်။ အာဏာပိုင်များက သုံးစွဲမှုကို မြှင့်တင်ရန် ငြင်းဆိုခြင်းကြောင့် တရုတ်နိုင်ငံသည် အမြဲတစေ ငွေကြေးကျုံ့မှု ဖြစ်ပေါ်ပါက ကြွေးမြီတန်ဖိုးတက်လာကာ စီးပွားရေးအပေါ်  ဖိအားပိုများလာမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီသည် လူနေမှုအဆင့်အတန်းကို ဆက်လက်မမြှင့်တင်နိုင်ပါက အာဏာကို ဆုပ်ကိုင်မှုအားနည်းလာကာ အမေရိကန်ကို ယှဉ်ပြိုင်နိုင်မည့် စွမ်းရည်မှာ အကန့်အသတ်ဖြစ်လာပေလိမ့်မည်။

တရုတ်ကွန်မြူနစ်ပါတီသည် လူငယ်အလုပ်လက်မဲ့နှင့် စားသုံးသူယုံကြည်မှုဆိုင်ရာ အားရဖွယ်မရှိသောအချက်အလက်များအား ထုတ်ပြန်ခြင်းကို မကြာသေးမီက ရပ်တန့်ခဲ့သည်။ အစိုးရ၏ ထိပ်တန်းရာထူးများတွင် အရည်အချင်းရှိသူများစွာ ပါဝင်နေသေးသော်လည်း အရာအားလုံးထက် သစ္စာစောင့်သိမှု အရေးကြီးဆုံးဟူသော ထိပ်ပိုင်းခေါင်းဆောင်များ၏ သတင်းစကားကြောင့် ကျိုးကြောင်းဆီလျော်သော ခွဲခြမ်းစိတ်ဖြာမှု သို့မဟုတ် တီထွင်ဆန်းသစ်သော အကြံဉာဏ်များ ထွက်လာမည့် အုပ်ချုပ်သူစနစ်ကို မျှော်လင့်ခြင်းသည် မိုက်မဲခြင်းပင်ဖြစ်သည်။ ယင်းအစား လက်ဝဲယိမ်းဟု ယူဆရသည့် ချမ်းသာသော စွန့်ဦးတီထွင်သူများနှင့် ဆင်းရဲသားများကို ငွေကြေး မမျှဝေလိုသည့် လက်ယာယိမ်းအဖွဲ့တို့ ပေါင်းစပ်ထားသည့် အတွေးအခေါ်က ဆုံးဖြတ်ချက်များကို  လွှမ်းမိုးထားသည်။

တရုတ်နိုင်ငံ၏ ပြဿနာများသည် ခေါင်းဆောင်ပိုင်းကစသည်ဟူသော အချက်ကြောင့် ယင်းမှာ ဆက်လက်တည်ရှိနေဦးမည်ဟု အဓိပ္ပါယ်ရပေသည်။ အသုံးမကျသော မူဝါဒချမှတ်သူများသည် စီးပွားရေးဆိုင်ရာ တိုးလာနေသောစိန်ခေါ်မှုများကို ရင်ဆိုင်ရသောကြောင့် ပြဿနာများ ပို၍ဆိုးရွားလာနိုင်သည်။ လူဦးရေကလည်း အသက်အရွယ်ကြီးရင့်သူများ များပြားလာသည်။  အမေရိကန်ကလည်း ပိုမိုရန်လိုလာကာ မဟာဗျူဟာအရ အရေးပါသည်ဟု ယူဆရသော ချစ်ပ်ထုတ်လုပ်ခြင်း ကဲ့သို့သော တရုတ်၏စီးပွားရေးအစိတ်အပိုင်းများကို ပိတ်ဆို့ရန် ကြိုးစားနေသည်။ ဗဟိုချုပ်ကိုင်သော စီးပွားရေးများသည် ဆန်းသစ်တီထွင်မှုထက် ယှဉ်ပြိုင်မှုတွင် ပိုအားကောင်းသောကြောင့် တရုတ်အနေဖြင့် အမေရိကန်ကို အမီလိုက်လေ ကွာဟချက်နည်းရန် ပိုမိုခက်ခဲလေဖြစ်သည်။

အနောက်နိုင်ငံခေါင်းဆောင်များသည် ၂၀၀၀ ပြည့်လွန်နှစ်များတွင် ကုန်သွယ်မှု၊ စျေးကွက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုက ဒီမိုကရေစီနှင့် တစ်ဦးချင်းလွတ်လပ်ခွင့်ကို မြှင့်တင်ပေးမည်ဟု လွဲမှားစွာ ယုံကြည်ခဲ့ကြသည်။

သို့သော် တရုတ်နိုင်ငံသည် ယခုအခါ သက်ဦးဆံပိုင်စနစ်က စီးပွားရေးကို ထိခိုက်စေသလားဟူသော ပြောင်းပြန်ဆက်စပ်မှုကို စမ်းသပ်လျက်ရှိသည်။ စီးပွားရေးကို ထိခိုက်ကြောင်း သက်သေအထောက်များစွာ တွေ့လာရပြီး တရုတ်နိုင်ငံသည် ဆယ်စုနှစ် ၄ ခုကြာ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် စိတ်ပျက်စရာကာလတစ်ခုသို့ ရောက်ရှိနေပြီဖြစ်‌သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly