အောက်တိုဘာ၌ အမေရိကန်နှင့် ဖိလစ်ပိုင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မည် 

By Rappler
27 September 2023
အောက်တိုဘာ၌ အမေရိကန်နှင့် ဖိလစ်ပိုင် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မည် 

ဖိလစ်ပိုင်နှင့် အမေရိကန် ရေတပ်များကြား နှစ်စဉ် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖြစ်သော ၂၀၂၃ အတွက် “Samasama” စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာအစောပိုင်းတွင် ဖိလစ်ပိုင် အိမ်ရှင်အဖြစ် ပြုလုပ်မည် ဖြစ်သည်။ 

ရေတပ် တောင်ပိုင်းလူဇွန် စစ်ဆင်ရေးဧရိယာ ဝန်းကျင်တွင် အောက်တိုဘာ ၂ မှ ၁၃ ရက်အထိ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်သွားမည်ဟု ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး ဂျေးအီလက်တိုက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်၌ ပြောသည်။ 

ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၌ ရေငုပ်သင်္ဘောများကို တိုက်ခိုက်မှု၊ ရေမျက်နှာပြင်ပေါ်၌ တိုက်ပွဲဆင်မှု၊ လေဝင်အန္တရာယ်အား တိုက်ခိုက်မှုနှင့် အီလက်ထရောနစ် စစ်ရေးစစ်ရာများကို ပူးတွဲလေ့ကျင့်သွားမည်ဟု အီလက်တိုအရ သိရသည်။ 

“ရေပြင်ဆိုင်ရာ စည်းလုံးညီညွတ်မှု တိုးတက်ကောင်းမွန်ရန်” ပညာရှင် လဲလှယ်မှုနှင့် သဘာဝဘေး တုံ့ပြန်မှုကဲ့သို့သော ကိစ္စရပ်များမှတဆင့် ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်၊ ဩစတြေးလျ၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့ကလည်း ပါဝင်သွားမည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။ 

ပြင်သစ်နှင့် ဩစတြေးလျ ရေတပ်များမှ အမှုထမ်းများသည် ပညာရှင် လဲလှယ်မှု၌ ပါဝင်မည် ဖြစ်ကာ နယူးဇီလန်နှင့် အင်ဒိုနီးရှား ရေတပ်များက စောင့်ကြည့်သူများအဖြစ် ရှိသွားမည်ဟု အေအက်ဖ်ပီက ဖော်ပြသည်။ 

အမေရိကန်သည် ဖိလစ်ပိုင်၏ တခုတည်းသော ပဋိညာဉ်ချုပ်ဆိုထားသော မဟာမိတ်ဖြစ်သည်။ နှစ်နိုင်ငံကြားက ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် ၁၉၅၁ အပြန်အလှန် ကာကွယ်ရေး ပဋိညာဉ်အရ လုပ်ဆောင်ခြင်းပဲ ဖြစ်သည်။ 

အဆိုပါ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုသည် ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံတို့ အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တင်းမာမှုများ မြင့်တက်နေသည့်ကြားတွင်လည်း ဖြစ်သည်။ တရုတ်၏ စစ်ရေယာဉ်များ ရှိနေခြင်းကြောင့် ရိုဇူကျောက်တန်းနှင့် ဆာဘီနာကမ်းနီးရေတိမ်ပိုင်းက ရေပြင်ဇီဝစနစ်များ လွန်လွန်ကဲကဲ ပျက်စီးရသည်ဟု ဖိလစ်ပိုင်က စက်တင်ဘာ လလယ်လောက်က ပြောထားသည်။ 

သီတင်းပတ် အနည်းငယ် အကြာတွင် တရုတ်ကမ်းခြေစောင့်တပ် ထားရှိထားသော ရေပေါ်မျော အတားအဆီးများကို ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က သတင်းထုတ်ပြန်ကာ ဖယ်ရှားလိုက်ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly