တရုတ်အိမ်ခြံမြေဈေးကွက် ပြိုလဲတော့မှာလား

By Asia Lite
08 September 2023
တရုတ်အိမ်ခြံမြေဈေးကွက် ပြိုလဲတော့မှာလား

တရုတ်နိုင်ငံတွင် တစ်ချိန်က ဒုတိယအကြီးဆုံး အိမ်ခြံမြေလုပ်ငန်းဖြစ်ခဲ့ဖူးသော Evergrande Group သည် အမေရိကန်တွင် ဒေဝါလီခံရန် လျှောက်ထားလိုက်သည်။ 

အရပ်ကယ်ပါ လူဝိုင်းပါဖြစ်နေသော Evergrande ကုမ္ပဏီသည် ချေးငွေများစွာယူခဲ့ကာ ၂၀၂၁ ခုနှစ်တွင် ကြွေးမြီဆပ်ရန် ပျက်ကွက်လာပြီး တရုတ်နိုင်ငံ၏ စီးပွားရေးတွင် ကြီးမားသော အိမ်ခြံမြေအကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ တရုတ်အစိုးရသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က အိမ်ရာစျေးနှုန်းများ မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ

အလွန်အကျွံ ချေးငွေယူမှုအပေါ် စတင်နှိမ်နင်ပြီးနောက် Evergrande သည် အကြွေးမဆပ်နိုင်တော့ပေ။ Evergrande အိမ်ခြံမြေကုမ္ပဏီပြိုလဲပြီးနောက်ပိုင်း Kasia၊ Fantasia နှင့် Shimao Group အပါအဝင် တရုတ်ရှိ အခြားသော အိမ်ခြံမြေကုမ္ပဏီအများအပြားသည်လည်း ၎င်းတို့အကြွေးများကိုဆပ်ရန် ပျက်ကွက်ခဲ့ကြသည်။

Evergrande သည် တရုတ်မြို့ကြီး ၂၈၀ ကျော်တွင် အိမ်ခြံမြေစီမံကိန်းပေါင်း ၁၃၀၀ ကျော်ရှိပြီး လျှပ်စစ်ကားလုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနှင့် အပန်းဖြေဥယျာဉ်လုပ်ငန်းအပါအဝင် အိမ်ခြံမြေမဟုတ်သည့် စီးပွားရေးလုပ်ငန်းများလည်း ရှိသည်။ 

Evergrande သည် ဆယ်စုနှစ်ပေါင်းများစွာ တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံးအိမ်ခြံမြေလုပ်ငန်းများအနက် တစ်ခုဖြစ်ခဲ့ပြီး တရုတ်၏စီးပွားရေး အဆမတန်ချဲ့ထွင်လာချိန်မှာ ကြွေးမြီအမြောက်အမြားယူခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်ခန့်က တရုတ်ခေါင်းဆောင်များ၏ မူဝါဒ ရုတ်တရက် အပြောင်းအလဲကြောင့် အိမ်ခြံမြေလုပ်ငန်းရှင်များသည် ငွေပေါ်အောင် မနည်းရုန်းကန်နေရကာ ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သော တရုတ်တွင် ငွေကြေးဆိုင်ရာ စွန့်စားရမှုများ ပိုဆိုးလာခဲ့သည်။

အလားတူပင် တစ်ချိန်က တရုတ်နိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းဖြစ်သည့် Country Garden သည်လည်း ကြွေးမြီဆပ်ရန်ပျက်ကွက်မည့်အခြေအနေသို့ ဆိုက်ရောက်နေသည်။

အချိန် ၃ နှစ်နီးပါးကျင့်သုံးခဲ့သော ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒ ကန့်သတ်ချက်များက တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ရပ်တန့်သွားစေခဲ့ပြီး အလုပ်လက်မဲ့ပိုများလာခြင်းနှင့် အိမ်ခြံမြေတန်ဖိုးများ ကျဆင်းလာခြင်းတို့ကြောင့် အိမ်အသစ်များကို ဝယ်ယူရန် တွန့်ဆုတ်လာကြသည်။ 

စားသုံးသူစျေးနှုန်းများသည် လွန်ခဲ့သည့်လက နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့သည်။ လူငယ်အလုပ်လက်မဲ့နှုန်းသည် အလွန်လျင်မြန်စွာ မြင့်တက်လာသဖြင့် အာဏာပိုင်များက ဇူလိုင်လအချက်အလက်ကို မထုတ်ပြန်ခဲ့ပေ။  လက်လီရောင်းချမှု၊ ပို့ကုန်ဝယ်လိုအားနှင့် စက်ရုံထုတ်လုပ်မှုများလည်း ကျဆင်းခဲ့သည်။ အိမ်ခြံမြေဈေးကွက်သာ ပြိုလဲသွားပါက တရုတ်နိုင်ငံ၏ စီးပွားရေးမှာ လွန်စွာဆိုးရွားလာပေလိမ့်မည်။

တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍကို အရေးပါသော တိုးတက်မှုတွန်းအားအဖြစ် ကာလကြာရှည်စွာ ရှုမြင်ခဲ့ကြပြီး နိုင်ငံဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းအထိ ရှိသည်။ Evergrande ကုမ္ပဏီ၏ ကြွေးမြီသည် ယမန်နှစ်အကုန်တွင် ယွမ် ၂ ဒသမ ၄၃၇ ထရီလျံ (အမေရိကန်ဒေါ်လာ ၃၄၀ ဘီလီယံ) ထိရောက်ရှိခဲ့ကာ တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုပမာဏတစ်ခုလုံး၏ ၂ ရာခိုင်နှုန်းခန့်ရှိသည်။

Evergrande သည် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များတွင် ရှယ်ယာရှင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း စတော့ရှယ်ယာဈေးကွက်တွင် ပြီးခဲ့သည့်လက တင်ပြခဲ့သည်။ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် ၇ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းသွားကြောင်း တရားဝင် အချက်အလက်များတွင် ဖော်ပြထားသည်။ 

အိမ်ခြံမြေနယ်ပယ်တစ်ခုလုံးသည် ပြီးခဲ့သည့် ၃ လပတ်တွင် ကျဆင်းသွားခဲ့ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း အကျဘက်သို့ ပြန်လည်ဦးတည်လာခဲ့ကာ တရုတ်နိုင်ငံရှိ အိမ်ခြံမြေဈေးကွက်သည် အောက်ခြေအထိ ကျဆင်းသွားခဲ့သည်။ သမ္မတရှီကျင့်ဖျင်အနေဖြင့် အိမ်ခြံမြေအကျပ်အတည်းနှင့်ပတ်သက်ပြီး မည်သို့လုပ်ဆောင်ပေးနိုင်မည်လဲဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly