မြန်မာနိုင်ငံက ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲ ပြော

By မဇ္ဈိမ 
21 July 2023
မြန်မာနိုင်ငံက ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးအကြီးအကဲ ပြော

တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို အထင်ရှားဆုံး ထောက်ခံသူဖြစ်တာကြောင့် မြန်မာနိုင်ငံ လက်ရှိ ကြုံတွေ့နေတဲ့ ထိခိုက်နာကျင်မှုတွေအတွက် တရုတ်မှာ အများကြီး တာဝန်ရှိတယ်လို့ ဗြိတိန် ထောက်လှမ်းရေးဌာန MI6ရဲ့ အကြီးအကဲ ဆာရစ်ချတ်မိုး ကပြောကြားခဲ့ပါတယ်။

 

တရုတ်က အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကို ခိုင်ခိုင်မာမာ ဆက်လက် အားပေး ထောက်ခံနေတာကြောင့်လည်း အခုလိုတွေ ကြုံနေရတာ ဖြစ်တယ်လို့ သူက ချက်နိုင်ငံ၊ ပရက်ဂ်မြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

 

အံ့သြလောက်စရာ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မြင်တွေ့ရတာ တုန်လှုပ်ချောက်ချားစေပါတယ်လို့ ဆာရစ်ချတ်မိုးက ပြောပါတယ်။

 

သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး မြန်မာ့အရေးဟာ အလွန်ကို စိုးရိမ်စရာအခြေအနေတစ်ခုလို့ သူက ပြောပါတယ်။

 

MI6ဟာ ဗြိတိန် အစိုးရအတွက် နိုင်ငံတကာ ထောက်လှမ်းရေး လုပ်ငန်းတွေကို အဓိက တာဝန်ယူပေးနေတဲ့ ဌာန ဖြစ်ပါတယ်။ 

 

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရမ်းကို ဆိုးရွားပြီး ကြေကွဲစရာ ဖြစ်နေကြောင်း၊ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်ကောင်စီကို အထင်ရှားဆုံး ထောက်ခံသူဖြစ်တာကြောင့် တရုတ်မှာလည်း အခုလို အနေအထားအတွက် တာဝန်ရှိနေကြောင်း မိုးက စွပ်စွဲ ဝေဖန်သွားပါတယ်။

 

မေလတုန်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

 

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မြိန်ရည်ယှက်ရည် ကျူးလွန်ခဲ့တာကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုကို ခံနေရပေမယ့် တရုတ်နဲ့ ရုရှားအပါအဝင် လက်တစ်ဆုပ်စာ နိုင်ငံတချို့ရဲ့ ထောက်ပံ့ ကူညီမှုတွေကို ရရှိနေဆဲပါ။ 

 

စစ်တပ်ဟာ လက်နက်ကိုင် ခုခံမှုတွေကို ဖြိုခွင်းဖို့ ကြိုးစားရမှာ အရပ်သား ပြည်သူတွေ၊ လူနေ ဧရိယာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံနဲ့ ကျန်းမာရေး အဆောက်အအုံတွေ၊ ဘာသာရေး အဆောက်အအုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် နေ့တိုင်းလိုလို ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ များပြားလာနေပြီး လူပေါင်း ၁.၉ သန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ အခုနောက်ဆုံးထုတ်ပြန်တဲ့ UNOCHA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly