စစ်ကောင်စီကတိုင်းရင်းသားခေါင်းဆောင်တချို့ကိုလှည့်စားကာသွေးထိုးမှုများလုပ်နေတာကြောင့်အထူးဂရုပြုကြဖို့် NUG ယာယီသမ္မတသတိပေး

By မဇ္ဈိမ 
04 October 2023
စစ်ကောင်စီကတိုင်းရင်းသားခေါင်းဆောင်တချို့ကိုလှည့်စားကာသွေးထိုးမှုများလုပ်နေတာကြောင့်အထူးဂရုပြုကြဖို့် NUG ယာယီသမ္မတသတိပေး

အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းရင်းသားခေါင်းဆောင်တချို့ကို လှည့်စားသိမ်းသွင်းဖို့ ကြိုးစားနေပြီး တိုင်းရင်းသားတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အကြား သပ်လျှိုသွေးထိုးတာတွေ လုပ်လာနိုင်တာကြောင့် တော်လှန်ရေး အင်အားစုများ အထူးဂရုပြုကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေးလိုက်ပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပတဲ့ NUG အစိုးရရဲ့ ၃၂ ကြိမ်မြောက်အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို သတိပေးလိုက်တာပါ။
ဒီလို သပ်လျှိုသွေးခွဲမှုတွေဟာ စစ်အုပ်စုရဲ့ အစဉ်အဆက်လုပ်လာတဲ့ နည်းလမ်းတွေဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေမှာ ရင့်ကျက်မှုနဲ့ ညီညွတ်မှု ရှိထားပြီးဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အခိုင်အမာယုံကြည်တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ထည့်သွင်းပြောကြားခဲ့ပါတယ်။
တော်လှန်ရေးနဲ့ပတ်သက်ပြီး လက်ရှိကာလဟာ  အလေးထား လုပ်ဆောင်ရမယ့် ကိစ္စ အများ အပြားရှိကြောင်း၊ ပျက်ပြယ်ပြီးဖြစ်တဲ့ NCA စာချုပ် ၈ နှစ်ပြည့် အခမ်းအနားကို အကြမ်းဖက် စစ်ကောင်စီက လုပ်ဆောင်ဖို့ ကြံရွယ်နေတာကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ အခုလို ပြုလုပ်ဖို့ ကြံရွယ်နေတာကလည်း နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေကို စစ်ကောင်စီက ရနိုင်သမျှ ဖြေလျော့ဖို့ ကြိုးစားတာဖြစ်တယ်လို့ သမ္မတက ရှင်းပြပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကို စက်တင်ဘာ ၃၀ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာပါ။
ဒီလိုတွေ့ဆုံတာဟာ KNU နဲ့ လုံးဝပတ်သက်မှုမရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားသလို ဒီလိုလုပ်တာဟာ အဖွဲ့အတွင်း ရှုပ်ထွေးမှုဖြစ်အောင် စစ်ကောင်စီက လုပ်တာလို့ KNU က အောက်တိုဘာ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 
ဒါ့အပြင် KNU နဲ့ မဟာမိတ်အင်အားစုတွေအကြား နားလည်မှုလွဲအောင် စစ်ကောင်စီက လုပ်ဆောင်တာဖြစ်ပြီးKNU အနေနဲ့ ဘဝတူ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ အတူတိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါ့အပြင် တဖက်မှာလည်း အကြမ်းဖက်စစ်ကောင်စီက အကြမ်းဖက်မှုတွေကို ပိုပိုပြီး တိုးမြှင့်လုပ်ဆောင်လာတာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှုကင်းမဲ့ပြီး ထိခိုက်နစ်နာရတဲ့ အခြေအနေတွေကို ပိုပြီး ရင်ဆိုင်ကြရတာကြောင့် ဒါတွေကို ကာကွယ်ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly