ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းကြောင့် မဲစာရင်း မှားယွင်းမှုများဖြစ်ဟု ကော်မရှင် ညွှန်ကြားရေးမှူးပြော

ပူးပေါင်း ဆောင်ရွက်မှု အားနည်းခြင်းကြောင့် မဲစာရင်း မှားယွင်းမှုများဖြစ်ဟု ကော်မရှင် ညွှန်ကြားရေးမှူးပြော

ရွေးကောက်ပွဲမဲပေးခွင့်ရှိသည့် ဆန္ဒရှင်များ စာရင်းတွင် မပါဝင်ခြင်း၊ မှားယွင်းမှုများ ပေါ်ပေါက်ခြင်း စသည့် အခြေအနေများ ပေါ်ပေါက်နေသည်ဟု နိုင်ငံရေး ပါတီများ၊ မီဒီယာများ၊ ကော်မရှင် အဖွဲ့ခွဲများက တင်ပြကြသော်လည်း ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် မှားယွင်းမှုများ ပေါ်ပေါက်ခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။

မဲစာရင်းမှားယွင်းမှုများ၊ မဲစာရင်းတွင် မပါမှုများအတွက် အထောက်အထားများဖြင့် တင်ပြပေးရန် တောင်းဆိုခဲ့သည်ဟု ဦးသောင်းလှိုင်က ဆိုသည်။ “၈၀ ရာခိုင်နှုန်းလောက် မပါဘူး ၇၀ ရာခိုင်နှုန်းလောက် မပါဘူး အဲ့ဒီလို တင်ပြတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ ကေ်ာမရှင်က အစည်းအဝေး ဖိတ်ကြားပါတယ်။ တောင်းပါတယ် တရားဝင် စာရှိပါတယ်” ဟု ဦးသောင်းလှိုင်က ပြောသည်။

မဲစာရင်းမှားယွင်းမှုကို တင်ပြလာသူများကို အစည်းအဝေး ဖိတ်ကြားလျက် အထောက်အထား များဖြင့် တင်ပြရန် တောင်းဆိုသော်လည်း ပူးပေါင်း ဆောင်ရွက်ခြင်း မရှိဟုဆိုသည်။

“အစည်းအဝေးကို တက်ရောက်လာတဲ့ အခါမှာ မပါဘူးဆိုတာကို အပြည့်အစုံ ယူခဲ့ပါ ဆိုတာကို မှာပါတယ်။ သူတို့ တက်လာတဲ့အခါ လက်ချည်းပဲ လာပါတယ် စာရွက်စာတမ်း အထောက်အထား မပါဘူး” ဟု ဦးသောင်းလှိုင်က ဆိုသည်။

ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့်မူ “မဲစာရင်းကို ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးထားပါတယ်။ နောက်ဆုံး ၁၄ ရက်ကနေ ၂၇ ရက် ကပ်တဲ့အခါမှာ သူ့ဘက်ကိုယ့်ဘက် အငြင်းပွားမှာစိုးလို့ ကျနော်တို့ နှုတ် ၁၀၀ စာတစ်လုံးပေါ့။ နှုတ်ကတော့ ကျနော်တို့ တင်ထားတာပဲ မပါဘူး ဒီလို တန်းပြောလို့ မရပါဘူး” ဟု ဦးသောင်းလှိုင်က ပြောသည်။

နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် အောက်တိုဘာ ၂၇ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားခြင်းဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းလည်း တက်ရောက်ခဲ့ပြီး ပြည်ပရောက် မဲဆန္ဒရှင်များ မဲပေးခွင့် ဆုံးရှုံးမှုအပေါ် ကော်မရှင်အနေဖြင့် စိတ်မကောင်းဖြစ်မိသည်ဟု ပြောဆိုခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမှာမူ သတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည်ကို မတွေ့ရပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags