စစ်ကောင်စီက ကြံ့ခိုင်ရေးနှင့် တ.စ.ည အပါအဝင် ပါတီ ၅ ခု၏ မှတ်ပုံတင်ခွင့်ကို အတည်ပြု

By 001 (မဇ္စျိမ)
27 April 2023
စစ်ကောင်စီက ကြံ့ခိုင်ရေးနှင့် တ.စ.ည အပါအဝင် ပါတီ ၅ ခု၏ မှတ်ပုံတင်ခွင့်ကို အတည်ပြု

စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်ပြန်လည်လျှောက်ထားသည့် ပါတီများအနက်မှ ကြံ့ခိုင်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည)အပါအဝင် နိုင်ငံရေးပါတီ ငါးပါတီကို အတည်ပြုလိုက် ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပါတီဆက်လက် တည်ထောင်ခွင့် နှင့် မှတ်ပုံတင်ခွင့်ပြန်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၅၀ ရှိပြီး ထိုအထဲမှ ငါးပါတီကို ကနဦးခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို မှတ်ပုံတင်အမှတ်(၁)ဖြင့် ခွင့်ပြုပေးခြင်းဖြစ်ပြီး ဧပြီလ ၂၄ ရက်နေ့တွင် မြန်မာ့ပြည်သူ့ဒီမိုကရက်တစ်ပါတီ MPD ၊ ဧပြီလ ၂၅ ရက် နေ့တွင် ဒီမိုကရေစီပါတီသစ်(ကချင်)၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီတို့ကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

“ပထမဆုံးအတည်ပြုခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုကျတော့ သတင်းထဲမှာတွေ့လိုက် ရတယ်ပေါ့။ ကွင်းဆင်းပြီးတော့ စိစစ်တယ်ဆိုပြီးတွေ့လိုက်ရတယ်။ အန်ကယ်လ်တို့ပါတီကိုကျတော့ မနေ့ကထိတောင် ကွင်းဆင်းပြီးတော့လာပြီးတော့စိစစ်ဖို့ရှိပါတယ်လို့ Message ပို့လိုက်မယ်ဆိုတဲ့ အဆင့် ပဲရှိသေးတယ်။ လာမယ်လို့တော့ပြောတယ်။ အန်ကယ်လ်တို့နဲ့ မတွေ့ရသေးဘူး” ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည)မှ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီကပြောသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက် ပါတီအသစ်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်သည့် ၁၃ ပါတီထဲ မှ ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေးပါတီ(UDP)နှင့် ဒီမိုကရက်တစ်အင်အားစုလေဘာပါတီတို့၏ လျှောက် ထားချက်ကိုခွင့်ပြုလိုက်ပြီး ကျန်ရှိသည့်ပါတီများကိုလည်း စိစစ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီ၏ UEC က ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်ပြန်မလျှောက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD၊ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ ကပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ကြေညာခဲ့သည်။

ထိုသို့ နိုင်ငံရေးပါတီများကို ဖျက်သိမ်းသည့်လုပ်ရပ်အပေါ် အမေရိကန်နှင့် ယူကေအပါအဝင် နိုင်ငံတကာ က ရှုတ်ချထားသည်။

စစ်ကောင်စီသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထုအား ကိုယ်စားပြုမှုလည်း မရှိသည့်အတွက် တရားဝင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများကို စစ်ကောင်စီလက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့်လုံးဝမရှိကြောင်း NLD ပါတီ ဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက် နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီကပြဋ္ဌာန်းသော ရွေးကောက်ပွဲဉပဒေသည်တရားဝင်ခြင်းမရှိဘဲ ပါတီများ စစ်ကောင်စီလက် အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသွားရောက်မှတ်ပုံတင်ခြင်းသည် ပြည်သူ့ဆန္ဒကိုသွေဖယ်ဆန့်ကျင် ပြီး စစ်ကောင်စီ၏ ဖြစ်တည်မှုကို အတိအလင်းလက်ခံ လိုက်ခြင်းဖြစ်သည့်အပြင် အကြမ်းဖက်စစ်အုပ် စုက ပြည်သူလူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုခြင်းပင်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း ပြီးခဲ့သည့် မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly