မြန်မာ၌ လူကုန်ကူးခံရသူများ ကိုယ်တွင်းအင်္ဂါ ရောင်းစားခံရခြင်းများ ရှိ

By UCA News
02 December 2023
မြန်မာ၌ လူကုန်ကူးခံရသူများ ကိုယ်တွင်းအင်္ဂါ ရောင်းစားခံရခြင်းများ ရှိ
Photo-AFP

မြန်မာနိုင်ငံတွင် ကိုယ့်ဆန္ဒမပါဘဲ ထိန်းသိမ်းခံရသည့် လူကုန်ကူးခံရသူများသည် လိမ်လည်မှု လုပ်ငန်းများ၌ အတင်းအကျပ် စေခိုင်ခြင်း ခံရပြီး သတ်မှတ်ဝေစုပြည့်အောင် မရှာပေးနိုင်ပါက ကိုယ်တွင်းအင်္ဂါများ အတင်းအကျပ် ရောင်းစေခြင်း ခံကြရကြောင်း ဗီယက်နမ်ရှိ လူသားချင်း စာနာထောက်ထားရေးအဖွဲ့တရပ်က ပြောသည်။

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဝင်းခြံများ၌ ထိန်းသိမ်းထားသူပေါင်း ၁၂၀,၀၀၀ အနည်းဆုံး ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးအရ သိရပြီး ၎င်းတို့ကို တနိုင်ငံသားချင်းအား အွန်လိုင်းမှ လိမ်လည်မှုများ အတင်းအကျပ် စေခိုင်းနေခြင်း ဖြစ်သည်။

တရုတ်၊ ဗီယက်နမ်နှင့် အခြားသော နိုင်ငံများမှ လူကုန်ကူးခံရသူများသည် တနိုင်ငံသားချင်းကို ပစ်မှတ်ထားပြီး လိမ်လည်ရန် စေခိုင်းခံရကာ အတုအယောင် ရင်းနှီးမြှုပ်နှံမှုများ၌ ငွေကြေးထည့်ဝင်ရန် လိမ်လည်ဖြားယောာင်းကြခြင်း ဖြစ်သည်။

ထို လူကုန်ကူးခံရသည့် အလုပ်သမားများသည် အွန်လိုင်းမှ သားကောင်ရှာပြီး ငွေမည်မျှ ရှာပေးရမည်ကို လိမ်လည်ဂိုဏ်းများက သတ်မှတ်ထားကြောင်း ဗီယက်နမ်ရှိ လူကုန်ကူးခံရသူများ ကယ်ဆယ်ရေး Blue Dragon အဖွဲ့က ပြောသည်။

အကယ်၍ သတ်မှတ်ငွေကြေး မရှာပေးနိုင်ပါက ကိုယ်ထိလက်ရောက် အပြစ်ပေးခြင်းများ ရှိကာ မကြာမီတွင် ကိုယ်တွင်းအင်္ဂါ ထုတ်ယူခံရခြင်းများ ရှိသည်။

“လုံလောက်အောင် မလုပ်ကိုင် ပေးနိုင်ဘူးဆိုရင် ကျောက်ကပ်လိုမျိုး ကိုယ်အင်္ဂါတွေ ထုတ်ယူကြတယ်”ဟု Blue Dragon ထူထောင်သူ မိုက်ကယ်ဘရိုဆောစကီးက ပြောသည်။

ယခု အဖွဲ့သည် ကာစီနိုသို့ လူကုန်ကူးခံရပြီး ကျောက်ကပ် အတင်းအကျပ် ရောင်းချခံရသည့် အသက် ၃၆ နှစ်အရွယ် ဗီယက်နမ်နိုင်ငံသားကို မြန်မာနိုင်ငံမှ ဩဂုတ်လအတွင်းက ကယ်ဆယ်ခဲ့ရသည်။

“မြန်မာနိုင်ငံက သားကောင်အများစုဟာ ခုလို နည်းလမ်းမျိုးနဲ့ တော်တော်များများ ခေါင်းပုံဖြတ် အမြတ်ထုတ်တာတွေ ရင်ဆိုင်ကြရတယ်”ဟု Blue Dragon မှ သုတေသနနှင့် သင်ကြားရေးအကြီးအကဲ ဆိုင်လင်းဝိုင်ဟမ်က ပြောသည်။

ရှမ်းမြောက်တခွင်၌ တိုက်ပွဲများ ဖြစ်ပွားရာ မြန်မာနိုင်ငံက လူကုန်ကူးခံနိုင်ငံသားများ ပိတ်မိလျက် ရှိသည်။

တော်တော်များများ လွတ်မြောက်လာခြင်း ရှိသော်လည်း ဗီယက်နမ်နိုင်ငံသားများက နေရပ်မပြန်နိုင်ဘဲ ဘယ်မှ မသွားနိုင်ကြကြောင်း ဘရိုဆောစကီးက ပြောသည်။

မြန်မာနိုင်ငံ၌ ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၇၀၀ နီးပါးရှိပြီး ၎င်းတို့ကို နိုင်ငံရင်း ပြန်ခေါ်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly