စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများ ၀န်ပိုထမ်းနေရဟု NUG ယာယီသမ္မတ ‌ပြော

By မဇ္ဈိမ 
05 December 2023
စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများ ၀န်ပိုထမ်းနေရဟု NUG ယာယီသမ္မတ ‌ပြော
ဓာတ်ပုံ - NUG ယာယီသမ္မတ ‌ဒူဝါလရှီးလ (ပုံအဟောင်း)

စစ်ကောင်စီအာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယနိုင်ငံများ ၀န်ပိုထမ်းနေရသည်ဟု NUG ယာယီသမ္မတ ‌ဒူဝါလရှီးလက နို၀င်ဘာ ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ‌ပြောသည်။

" စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့လို့ အိမ်နီးချင်းနိုင်ငံတွေက အပိုဝန်ထုပ်ကို ထမ်းကြရတာတွေလည်း ရှိနေတာကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးကို လုပ်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောချင်ပါတယ်" ဟု ယာယီသမ္မတက ‌ပြောသည်။

အိမ်နီးချင်းနိုင်ငံများ၏ အကူအညီပေးမှုများကိုလည်း ကျေးဇူးတင် ‌ကြောင်း၊ ၎င်းတို့၏ သဘောထားများကိုလည်း ဆန်းစစ်လေ့လာ နေရန် အစိုးရအဖွဲ့ကို ယာယီသမ္မတက ‌ပြောသည်။

" ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာ နိုင်ငံရေး ရာသီဥတုကို ကြည့်ပြီးတော့ ပြည်တွင်းရေး အခြေအနေ တွေကို တိုးတက်သော ခြေလှမ်းတွေ လှမ်းနိုင်အောင် မပြတ်လုပ်ဆောင်နေဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံနဲ့ ပထဝီအားဖြင့် ထိစပ် နီးကပ်နေတဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ သဘောထားနဲ့ ပြုမူဆောင်ရွက်ချက်တွေကိုလည်း အထူး အလေးထား ဆန်းစစ်လေ့လာပြီး နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်အောင် ကြိုးစားလုပ်‌ဆောင်နေဖို့ လိုအပ်ပါတယ်" ဟု ၎င်းက ‌ပြောသည်။

နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်ခါနီးချိန်တွင် တဆင့်ချင်း တက်လှမ်းနိုင်ခဲ့သည့် နိုင်ငံရေး‌ခြေလှမ်းများရှိပြီး ပြည်တွင်းရေး အ‌ခြေအနေကို ဗဟိုချက်ထား ကြည့်ရှုခြင်းမျိုးထက် ဒေသတွင်းနိုင်ငံများ၏ ဆက်ဆံရေးအနေအထားကိုလည်း ကြည့်ရှုရမည်ဟု ယာယီသမ္မတက ‌ပြောသည်။

" ‌ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ တို့အကြား သံတမန်ဆက်သွယ်မှုတွေကို အလေးအနက်ထားကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာ စဉ်းစားချက်တွေ သုံးသပ်ပြီး ပြောင်းလဲလာတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းထဲက တော်လှန်ရေးအတွက် အထောက်အပံ့ကောင်းတွေ ရရှိအောင် ကြိုးစားလုပ်ဆောင်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်" ဟု ၎င်းက‌ပြောသည်။

မြန်မာနိုင်ငံနှင့် စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး ပါ၀င်ပတ်သက်နေသည့် နိုင်ငံများ၏ အနေအထားကိုလည်း ဂရုတစိုက် စောင့်ကြည့်ရန်လိုအပ်ပြီး အလှည့်အ‌ပြောင်းများကို နားလည်သဘောပေါက်မှသာ တော်လှန်ရေးထိရောက်ပြီး အောင်ပွဲများရရှိနိုင်မည်ဟု ယာယီသမ္မတက ‌ပြောသည်။

စာမူတည်းဖြတ် - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly