မတ္တရာမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရ

By 008 (မဇ္ဈိမ)
05 December 2023
မတ္တရာမြို့နယ်တွင် လက်နက်ကြီးပစ်ခတ်ခံရ၍ ဒေသခံ ၂ဦး ထိခိုက်ဒဏ်ရာရ
ဓါတ်ပုံ − မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"ထိတွေ့မှု မရှိဘဲနဲ့ ဝန်စုရွာနဲ့ရွာသစ်ရွာကို ပစ်တာပဲ။ပြည်သူ နှစ်ဦးထိသွားတယ်။အမျိုးသားက ခေါင်းနဲ့ခါးထိတယ်။အမျိုးသမီးက နှာခေါင်းနဲ့မျက်နှာထိတယ်"ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တာဝန်ရှိသူက ပြောသည်။

မတ္တရာမြို့နယ် ဇီးဖြူပင်ကုန်းကျေးရွာနှင့် ရှမ်းမြောင်းကျေးရွာကြား၌ နိုဝင်ဘာ ၁၅ရက်နေ့မှ စတင်ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာ ၄ရက် ည ၁၀နာရီခန့်တွင် ဝန်စုကျေးရွာနှင့် ရွာသစ်ကျေးရွာတို့အား ၁၂၀ မမ လက်နက်ကြီးဖြင့် ငါးကြိမ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ထိခိုက်သွားတဲ့ လင်မယားက ကျွန်တော်တို့ ဝန်စုရွာကပါ။ကျတာတွေကတော့ ရွာရှေ့ ဘုရားနားနဲ့ ရွာထဲကိုကျတယ်။အိမ်တွေ ပျက်တာလည်းရှိတယ်။ညက လွတ်ရာပြေးရတော့ ဘယ်နှစ်အိမ်ပျက်တယ်ဆိုတာ အတိအကျမသိရသေးဘူး"ဟု ဝန်စု ရွာသားတဦးကပြောသည်။

ပစ်ခတ်ခံရသည့် ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ထွက်မှုမရှိကြောင်းလည်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာနှစ်ရွာအတွင်းသို့ ဒီဇင်ဘာလ ၃ ရက်နေ့က  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဆိတ်သာကျေးရွာမှ ဒေသခံ ငါးဦးနှင့် ရှားစေးချက် ကျေးရွာမှ ဒေသခံတဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က အရှေခြမ်းနှင့်အနောက်ခြမ်းရှိ ကျေးရွာများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊မီးရှို့ခြင်းများ ပြုလုပ်နေခြင်းကြောင့် လက်ဝဲကြီး၊လမိုင်း၊မန်းကျီးကုန်း၊အောင်ချမ်းသာ၊မြောက်ဦး၊ကင်း၊စခန်းသာ၊ကျောက်ဆည်လေး၊ဇီးဖြူပင်၊ကြာပင်၊ကျွန်းပင်၊သဖန်းကိုင်း၊အုန်းလွတ်၊ဝန်စုနှင့်ရွာသစ်ကျေးရွာတို့မှ ဒေသခံဦးရေ ၁၀,၀၀၀နီးပါး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly