ရန်ကုန် သုဝဏ္ဏရဲစခန်း မိုင်းဖောက်ခွဲတိုက်ခိုက်ခံရ

By ဂန္ဒမာ (မဇ္ဈိမ)
05 December 2023
ရန်ကုန် သုဝဏ္ဏရဲစခန်း မိုင်းဖောက်ခွဲတိုက်ခိုက်ခံရ
ဓာတ်ပုံ - ပုံအဟောင်း

သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏမြို့မရဲစခန်းအား ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းတွင်  အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖက သတင်းထုတ်ပြန်သည်။ 

အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မဟာမိတ်များ ပူးပေါင်းကာ နံနက် ၇နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဟု  ရန်ကုန်တိုင်းပကဖ စစ်ရေးဒုတိယတာဝန်ခံ ကိုမင်းရန်နိုင်က ​ပြောသည်။ ရဲစခန်းအဝင်ဝအနီး၌ မိုင်းထားကာ ဖောက်ခွဲတိုက်ခိုက်ခြင်းဟုဆိုသည်။

"အထိအခိုက်နည်းခြင်း၊များခြင်းထက် ငါတို့မလုံခြုံ​တော့ဘူးဆိုတဲ့အသိကို စစ်​ကောင်စီအတွက် အလုပ်လုပ်​ပေး​နေသူ​တွေ​အ​နေနဲ့ ပြန်ခံစား​စေချင်လို့ မြို့ပြ​ပြောက်ကျားစစ်ဆင်​ရေးကို အကွက်ချ စီမံ​နေတာပါ" ဟုကိုမင်းရန်နိုင်က ​ပြောသည်။

ပြင်းအားမြင့်အဝေးထိန်းမိုင်းသုံးလုံးဖြင့် ဖောက်ခွဲခဲ့ရာ နှစ်လုံးပေါက်ကွဲခဲ့ပြီး  ရဲတဦးဒဏ်ရာရသွားသည်ဟု အ​နောက်ပိုင်းခရိုင်ပကဖ စစ်ဆင်​ရေးတာဝန်ခံက ပြောသည်။

“သုဝဏ္ဏဈေးနားမှာ သုဝဏ္ဏရဲစခန်းရှိတယ်။ ၇ နာရီ ၂ မိနစ်လောက်က နှစ်ချက်ကြားလိုက်ရတယ်။ လူဘာညာထိတယ်လို့မကြားမိဘူး” ဟု ဒေသခံအမျိုးသမီးတဦးက  ပြောသည်။

ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်သားများက ရဲစခန်းနားအနီးတဝိုက်ကို လမ်းပိတ်ဆို့စစ်ဆေးခဲ့ပြီး  နံနက် ၉ နာရီအချိန်တွင် လမ်းပြန်ဖွင့်ပေးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့ ညပိုင်းကလည်း အနောက်ပိုင်းခရိုင်ပကဖနှင့် Yangon Army(YA)တို့ ပူးပေါင်းပြီး ရန်ကင်းမြို့မရဲစခန်းအား အင်အားပြင်းမိုင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ပေါက်ကွဲအား အလွန်ပြင်းထန်ကြောင်း ရန်ကုန်မြို့ခံများကပြောပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု Yangon Army(YA)က သတင်းထုတ်ပြန်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required