စစ်ကောင်စီ  စွန့်ခွာသည့် တနင်္သာရီက အကျဉ်းစခန်းကို PDF ပူးပေါင်း အဖွဲ့  မီးရှို့ဖျက်ဆီး

By ကိုရွှေမြိတ်(မဇ္ဈိမ)
05 December 2023
စစ်ကောင်စီ  စွန့်ခွာသည့် တနင်္သာရီက အကျဉ်းစခန်းကို PDF ပူးပေါင်း အဖွဲ့  မီးရှို့ဖျက်ဆီး
ပုံအညွှန်း- ဆင်ဖြူရှင် အမှတ်(၄) ရဲဘက်အကျဉ်းစခန်း(သို့) ထုံခါရဲဘက် အကျဉ်းစခန်း/ ဓာတ်ပုံ-KTLA-tcjf 

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ထုံခါရွာ အနီးရှိရဲဘက်ဆိုင်ရာ ပြစ်မှု အကျဉ်းသားများ ထားရှိ ဆင်ဖြူရှင် အမှတ် (၄) ရဲဘက် အကျဉ်းစခန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ တွင်  မီးရှို့ဖျက်ဆီး ခဲ့ကြောင်း KTLA-tcjf အဖွဲ့ထံက သိရသည်။

အဆိုပါ အကျဉ်းစခန်းရှိ  ရဲ၊ စစ်ကောင်စီ တပ်သားများနှင့် ထောင်ဝန်ထမ်း မိသားစုဝင် များကို စစ်ကောင်စီက လုံခြုံရေး မပေးနိုင်၍   နိုဝင်ဘာ ၂၆ ရက်နေ့ ရွေ့ပြောင်းခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။ 

၎င်းတို့အပါအဝင်   အကျဉ်းသားများကို မြိတ်မြို့နယ် ကျောက်ဖြူတောင် ကျေးရွာရှိ ကျောက်ထုတ် ရဲဘက် အကျဉ်းစခန်းသို့  အကျဉ်းစခန်းသုံး ကျောက်သယ်သည့် ကားဖြင့်ပြောင်းရွှေ့ သွားသည်ဟု သိရ သည်။

တနင်္သာရီမြို့နယ် အခြေစိုက် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဇေက“ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော်တို့ မဟာမိတ် ညီနောင် သုံးဖွဲ့ ပူးပေါင်းလိုက်ပြီး နောက် တနေ့မှာပဲ အကျဉ်းစခန်း တစ်ခုလုံး ပြောင်းရွှေ့သွားတာပါ။  ကျွန်တော် ထင်တာ သူတို့ စိုးရိမ်ပြီး စစ်တပ်ကလည်း လုံခြုံရေး မပေးနိုင်တော့လို့ ပြောင်းရွှေ့သွားတာ ဖြစ်မယ်လို့ ကောက်ချက်ချလို့ ရတယ်”ဟု ပြော မဇ္ဈိမကိုသည်။

အဆိုပါ အကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဖြင့် ဖောက်ခွဲကာ  စခန်း တခုလုံးကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောသည်။

“အကျဉ်းစခန်းမှာက ဘယ်သူမှ မရှိတော့ဘူးလေ။  အဲ့ဒါ ကျွန်တော်တို့ ပူးအဖွဲ့တွေက အဲ့နေ့က ချက်ချင်းပဲ သွားရောက် မီးရှို့ဖျက်ဆီးပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပြန်လည် မတိုက်ခိုက်ခင် ချက်ချင်း ပြန်ဆုတ်လာခဲ့တာ ဖြစ်တယ်”လို့ ကိုဇေက ဆက်ပြော သည်။

ယင်း ထုံခါအကျဉ်းစခန်းသည် ယခင်က နိုင်ငံရေး အကျဉ်းသားများကို ရံဖန်ရံခါ ထားရှိပြီး  လက်ရှိ စစ်ကောင်စီ လက်ထက်တွင် ရာဇဝတ်မှု ကျူးလွန်ထားသော ပြစ်မှု အကျဉ်းသားများကိုသာ အဓိက ထားရှိသည့် အကျဉ်းစခန်း  ဖြစ်သည်။

“ဒီ ရဲဘက် အကျဉ်းစခန်းမှာ အကျဉ်းသား ၆၀ ကျော် ၊ ၇၀ လောက်တော့ ရှိတယ်”ဟု ယင်း အကျဉ်းထောင်နှင့် နီးစပ်သော ဒေသခံက ပြော သည်။

မြိတ်ခရိုင်ထဲတွင် တနင်္သာရီမြို့နယ်ရှိ ထုံခါ အလုပ်ကြမ်း စခန်း (ခေါ်) ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အလုပ်သင် စခန်း ၊  ပုလောမြို့နယ်တွင် နတ်စင်ကုန်း အလုပ်ကြမ်း  စခန်းနှင့် မြိတ်မြို့နယ်က ကျောက်ဖြူတောင် အလုပ်ကြမ်း စခန်းများရှိသည်။

အလားတူ ဒီဇင်ဘာ ၃ရက်နေ့ကလည်း ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ဇီးကျရွာ၏ အရှေ့ဘက် ကားလမ်းမနှင့် ရထား လမ်းကြားတွင် ရှိသော ထားဝယ် အကျဉ်းထောင်သစ် ဆောက်လက်စ တည်ဆောင်ရေး လုပ်ငန်းခွင်ကို ပြည်သူ့ကာကွယ်ရေး အဖွဲ့က သွားရောက် မီးရှို့ဖျက်ခဲ့သေးသည်။

စာတည်း။    ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly