မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

By ပါခွီး (မဇ္စျိမ)
05 December 2023
မင်းတပ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ချင်းပြည်နယ် ၊မင်းတပ်မြို့၊ဘဝသစ်ရပ်ကွက်၊ စာတိုက်ရုံးလမ်းဆုံအနီးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၄ရက်နေ့၌ ချင်းကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတဦး ပွဲချင်းပြီးသေဆုံးမှုရှိပြီး ဒဏ်ရာရသူ ခြောက်ဦးထဲမှ လေးဦးမှာ ပြင်းထန်ဒဏ်ရာရရှိသည့်အပြင် ၎င်းတို့အထဲမှ တဦးထပ်မံသေဆုံးသွားသည်ဟု မင်းတပ်မြို့ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF - Mindat)ကွန်မန်ဒိုတပ်ဖွဲ့မှ ဆလိုင်းအန်ထော်နီက မဇ္စျိမကိုပြောသည်။ 

“မြို့ထဲမှာတော့ စစ်ရေးအခြေအနေ တင်းမာနေပါတယ်” ဟု လက်ရှိအခြေအနေကို ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် အချက် ၃၀ကျော် ပစ်ခတ်သော်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆလိုင်းအန်ထော်နီက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှု‌‌ကြောင့် အရပ်သားလူငယ်တဦး ထိခိုက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များကိုလည်း ယင်းစစ်ကောင်စီတပ်ဖွဲ့က မွှေနှောက်ရှာဖွေသွားကြောင်း သိရသည်။

မင်းတပ်မြို့တိုက်ပွဲအတွင်း ဒဏ်ရာရသူများထဲမှ ခလရ (၂၇၄)တပ်ရင်းဆေးရုံတွင် တဦးထပ်မံသေဆုံးပြီး အခြားသုံးဦးမှာလည်း သွေးသွင်းကာ ဆရာဝန်များက အရေးပေါ်အခြေအနေ ကုသပေးနေရကြောင်း မင်းတပ်ဒေသတွင်း သတင်းများကိုရေးသားနေသည့် HKL က ၎င်း၏လူမှုကွန်ရက်တွင်ရေးသားထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစ၍ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲ ၃၂ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၇၂ဦးသေဆုံးခဲ့ကြောင်း CDF – Mindat က ဒီဇင်ဘာ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။     ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။     ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly