ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်း ဦးဆောင်သည့် တက်တူးကမ်ပိန်း နယူးယောက်တွင် ကျင်းပ 

By ကိုခင်မောင် (မဇ္ဈိမ)
05 December 2023
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်း ဦးဆောင်သည့် တက်တူးကမ်ပိန်း နယူးယောက်တွင် ကျင်းပ 
ပုံအညွှန်း - နယူးယောက်တွင် ကျင်းပသော Freedom Tattoo Campaign / ဓာတ်ပုံ - Helping Hands For Burma(H2B)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်း(ခ) ကင်(မ်)ဦးဆောင်သော  “Freedom Tattoo Campaign”ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ရှိ ပီတိ လူကြီးမိဘများ နားခိုရာ ခန်းမတွင် ဒီဇင်ဘာ ၃ ရက်က  ကျင်းပခဲ့သည်ဟု Helping Hands for Burma (H2B) ထံက သိရသည်။

အခမ်းအနားတွင် ကိုထိန်လင်းအပါအဝင် ယူကေ နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာ သက်ကိုကို၊ အလှမယ် မော်ဒယ်  မေမြတ်နိုး တို့က အွန်လိုင်းမှတဆင့် တက်ရောက် အမှာစကားပြောကြားခဲ့ပြီး  လက်ရှိဖြစ်ပေါ်နေသော  တိုက်ပွဲများကြောင့် ပြည်သူများအတွက် စာနာမှုဆိုင်ရာအကူအညီများ ပိုပြီးလိုအပ်နေသည့်အတွက် အားလုံးပူးပေါင်းကူညီကြရန် ကိုထိန်လင်းမှ မေတ္တာရပ်ခံ ပြောကြားသွားကြောင်း Helping Hands for Burma (H2B)မှ တာဝန်ရှိသူတဦးက ပြောသည်။

“Freedom Tattoo Campaign အလှူငွေ လှူဒါန်းသူများအားလုံးကို ကင်မ်ရဲ့  လက်မှတ်ပါရှိတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးအပ်ခဲ့ပါတယ်။ရရှိတဲ့  ရန်ပုံငွေတွေ အားလုံးကို အမေစုရဲ့သားငယ် ကင်မ်ရဲ့  Freedom Tattoo Campaign ကို ပေးပို့လှူဒါန်းသွားပါမယ်”ဟု H2Bမှ တာဝန်ရှိသူမှ မဇ္စျိမကို ပြောသည်။

အခမ်းအနားအတွင်း H2B အဖွဲ့မှ ယာယီတက်တူးများကို ရောင်းချပေးခဲ့ပြီး နဂါးရုပ်တက်တူး ပါ T-Shirts, Hoddies, နှင့် Tote Bags များကိုလည်း ရန်ပုံငွေအတွက်ရောင်းချပေးခဲ့ပြီး ပွဲလာ ပရိသတ် များ အား မြန်မာအစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း H2B အဖွဲ့ထံက သိရသည်။

Freedom Tattoo Campaignသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏သား ကိုထိန်လင်းက မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ပြည်သူ ၂,၀၀၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများပေးအပ်နိုင်ရန်နှင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသူများအတွက် ကူညီဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသော မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံ တူးတူး၏အမည်နှင့် နဂါးရုပ်ကို ကိုထိန်လင်းက ၎င်း၏လက်မောင်းတွင်ရေးထိုး၍ ပါဝင်ထားသော ကမ်ပိန်းဖြစ်သည်။

Helping Hands For Burma - H2B အဖွဲ့သည် နွေဦးတော်လှန်ရေးအတွက် လိုအပ်လျက်ရှိသော လက်နက်ခဲယမ်းများနှင့် စစ်ဘေးဒုက္ခသည်များအားထောက်ပံ့နိုင်ရန်အတွက် အလှူငွေရှာဖွေပေးနေသော အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့အခြေစိုက်ထောက်ပို့အဖွဲ့အစည်းဖြစ်သည်။

Freedom Tattoo Campaignပွဲအား နိုဝင်ဘာ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပခဲ့စဉ် ထိုင်းအာဏာပိုင်များ၏ တားမြစ်ခြင်းခံခဲ့ရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly