စက်သုံးဆီ ကိုယ်တိုင်တင်သွင်းရန် မလွယ်ကူဟု စက်မှုလုပ်ငန်းရှင်များ ဆို

By 007 (မဇ္ဈိမ)
05 December 2023
စက်သုံးဆီ ကိုယ်တိုင်တင်သွင်းရန် မလွယ်ကူဟု စက်မှုလုပ်ငန်းရှင်များ ဆို
ပုံအညွှန်း- မန္တလေး မြို့သာစက်မှုဇုန် (CJ)

စက်မှုလုပ်ငန်းရှင်များ မိမိအစီအစဉ်ဖြင့်သာ စက်သုံးဆီတင်သွင်းရမည်ဆိုလျင် လုပ်ငန်းလည်ပတ်မှုရပ်သွားပြီး အလုပ်လက်မဲ့ဦးရေထပ်တိုးလာနိုင်ဖွယ်ရာရှိကြောင်း စက်မှုဇုန်လုပ်ငန်းရှင်အသိုက်အ၀န်းမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၊ စက်မှုဇုန်လုပ်ငန်းရှင်အများအပြား လျှပ်စစ်မီးမလုံလောက်မှုကြောင့် လုပ်ငန်းရပ်နားထားရသည်များရှိနေပြီး၊ ယခုလို စက်သုံးဆီပြဿနာထပ်မံပေါ်ပေါက်လာခြင်းကြောင့် နောက်ဆက် တွဲဆိုးကျိုးများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။

“ဆီသိုလှောင်စရာကန်လည်းမရှိဘူး၊ ဒေါ်လာလည်းမရှိဘူး၊ ဆီကိုယ်တိုင်တင်သွင်းရမယ်ဆိုတာကြီးက လွယ်ကူတဲ့အလုပ်မဟုတ်ဘူးခင်ဗျ၊ အဲဒီသတင်းသာမှန်လို့ရှိရင် အသေးစားသမား(လုပ်ငန်းရှင်)တွေ အလုပ်ရပ်ပစ်ရမယ့်အခြေအနေပါ၊ နောက်ဆက်တွဲကျတော့ အလုပ်လုပ်နေသူတွေ အလုပ်လက်မဲ့ဖြစ်ကုန်မယ်” ဟု မန္တလေး စက်မှုဇုန်မှ လုံခြုံရေးအရအမည်ဖော်ပြလိုခြင်းမရှိသည့် အသေးစားစက်မှုလုပ်ငန်းရှင်တဦးက ပြောသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ကစ၍ စက်မှုဇုန်လုပ်ငန်းရှင်များကို၊ မိမိအစီအစဉ်ဖြင့်သာ စက်သုံးဆီတင်သွန်းရန် စစ်ကောင်စီကညွှန်ကြားထားကြောင်း၊ စစ်တပ်ထောက်ခံသည့်သတင်းဌာနများတွင်ဖော်ပြလာပြီးနောက် ပြည် တွင်းစက်သုံးဆီ(ဓာတ်ဆီ)စျေးနှုန်းသည် လက်ရှိထက် ကျပ် ၃၀၀ ကျော်သို့ထိုးတက်သွားသည်။

“အဓိကပြဿနာက ဒေါ်လာဗျာ၊ ဆီ(စက်သုံးဆီ)ရဖို့ ဒေါ်လာအရင်ရှာရမယ်၊ Demand(၀ယ်လိုအား)များရင် စျေးကတက်မှာပဲ၊ ဒါဆို ဒေါ်လာစျေးက လက်ရှိထက်ထပ်တက်ဦးမယ်၊ ဒါဆို ဆီစျေးကလည်း ပြန်ကျဖို့မရှိနိုင် တော့ဘူး၊ နောက်ဆက်တွဲက ကုန်စျေးနှုန်းပဲ၊ သူကလည်း ထပ်ကြပ်မကွာလိုက်လာမှာ” ဟု နောက်ထပ်လုပ် ငန်းရှင်တဦးကလည်း ပြောသည်။

စက်သုံးဆီတင်သွင်းရန်အတွက် ဗဟိုဘဏ်မှ ကျသင့်ငွေ၏ငါးဆယ်ရာခိုင်နှုန်းကို တဒေါ်လာ ၂၁၀၆ ဒသမ ၃ ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းကို ယခု(ဒီဇင်ဘာ)လ ၁ ရက်နေ့ကစ၍ ရပ်လိုက်ကြောင်းလည်း၊ ၎င်းတို့၏သတင်းများက ဆိုသည်။

စစ်ကောင်စီဘက်က ယခုတကြိမ် ဓာတ်ဆီစျေးနှုန်းသိသိသာသာထိုးတက်သွားသည့်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတရာထုတ်ပြောလာခြင်းမရှိသေးဘဲ၊ ဒီဇယ်ဆီစျေးနှုန်းကိုသာ သက်သာစွာဖြင့်သုံးစွဲနိုင်ရန် ပိုမိုအလေး ထားသည်ဟု ဒီဇင်ဘာလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ပြည်တွင်းစက်သုံးဆီ(ဓာတ်ဆီ)စျေးနှုန်းသည်၊ အတက်စျေးဖြင့်တန့်နေပြီး၊ အငှားယာဉ်မောင်းများ ၀န်ဆောင်မှုရပ်နားထားရသည်အထိဖြစ်နေကြောင်းလည်းသိရသည်။

ပြီးခဲ့သည့် နို၀င်ဘာလ ၃၀ ရက်နေ့က၊ 92 တလီတာ ရန်ကုန် ၂,၁၇၀ ကျပ်၊ မန္တလေး ၂,၂၂၀ ကျပ်၊ 95 တလီတာ ရန်ကုန် ၂,၃၀၀ ကျပ်၊ မန္တလေး ၂,၃၅၀ ကျပ်ရှိခဲ့ရာမှ၊ ဒီဇင်ဘာလ ၁ ရက်နေ့ကစ၍ ရန်ကုန်တွင် 92 တလီတာ၂,၅၁၀ ကျပ် ၊ 95 တလီတာ ၂,၆၄၀ ကျပ်၊ မန္တလေးမြို့တွင် ဓာတ်ဆီ 92 တလီတာ ၂,၅၆၀ ကျပ်၊ 95 တလီတာ ၂,၆၉၀ ကျပ်နှင့် ဒီဇယ်ဆီတလီတာလျှင် ၂,၂၆၀ ကျပ် ဖြစ်ခဲ့ပြီး၊ ယနေ့(ဒီဇင်ဘာ ၅ ရက်)အထိ အဆိုပါဈေးနှုန်းဖြင့် ဆက်လက်ရောင်းချနေသည်။

လက်ရှိတွင်၊ အမေရိကန်တဒေါ်လာကို၊ ပြင်ပပေါက်စျေး မြန်မာငွေ ၃,၄၆၀ ကျပ် စျေးဖြစ်နေပြီး၊ ပြည်တွင်းရွှေ စျေးနှုန်းသည်လည်း ပြီးခဲ့သည့်နို၀င်ဘာလဆန်းပိုင်းက အခေါက်ရွှေတကျပ်သား ပြင်ပပေါက်စျေး ကျပ် ၃၅ သိန်းအောက်ရှိခဲ့ရာမှ၊ ယနေ့(ဒီဇင်ဘာ ၅ ရက်)ပေါက်စျေး ၃၇ သိန်း၀န်းကျင်အထိရောက်ရှိနေသည်။

ရွှေစျေးမြင့်တက်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ရွှေစျေးမြင့်တက်လာမှုကြောင့်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစက်သုံးဆီစျေးနှုန်းက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်စျေးမြင့်တက်ခဲ့ရာမှ လက်ရှိတွင် အာဏာမသိမ်းခင်ကစျေးနှုန်းထက် ခြောက်ဆခန့်မြင့်တက် ကွာဟသွားပြီဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်ပြီးနောက်၊ နိုင်ငံရေး စီးပွားရေး လူမှုရေး ကဏ္ဍပေါင်းစုံဖရိုဖရဲဖြစ်သွားပြီး၊ အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဆင်းရဲမွဲတေမှုဒဏ်ကို အလွန်အမင်းကြုံတွေ့ခံစားနေရကြောင်း ILO(အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့) သုံးသပ်ချက်အစီ ရင်ခံစာအရသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly