တရုတ်က စီးပွား​ရေး ကျ​ဆင်းနေ​သော်လည်း ​မြေရှား တင်ပို့မှုကို ထိန်းချုပ်

By မဇ္ဈိမ
05 December 2023
တရုတ်က စီးပွား​ရေး ကျ​ဆင်းနေ​သော်လည်း ​မြေရှား တင်ပို့မှုကို ထိန်းချုပ်

တရုတ်သည်  စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးနေသော်လည်း အ​မေရိကန် ၏ စီးပွား​ရေးကန့်သတ်မှု ဗျူဟာများကြားမှ အ​ရေးပါ​သော ဂရပ်ဖိုက် ဓာတ်သတ္တုများ တင်ပို့မှု အပေါ်  ထိန်းချုပ်ရန် ကြိုးပမ်း​နေသည်။

တရုတ်သည် ၎င်း၏ ကြီးမားသောစီးပွားရေးဖြစ်သည့် ကမ္ဘာ့အ​ရေးကြီး တွင်းထွက်များ အ​ပေါ်  ပိုင်ဆိုင်မှုနှင့် ထုတ်လုပ်မှု ကဏ္ဍတွင်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။ တရုတ် သည် ဆယ်စုနှစ်များစွာကြာ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ခဲ့ရာမှ  မကြုံစဖူး ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး ရှီကျင့်ဖျင် အစိုးရသည် အ​မေရိကန်ဦး​ဆောင်​သော  အဆင့်မြင့် နည်းပညာအတွက် လိုအပ်သည့် သတ္တုများနှင့်  သွင်းအားစုများ ​ထောက်ပံ့​​ရေးကွင်းဆက် ဖြတ်​တောက်မှုအား တုံ့ပြန်ရန် ဆုံးဖြတ်ထားသည်။

တရုတ်အစိုးရ သည် လျှပ်စစ်စွမ်းအင်သုံး ကားဘက်ထရီများနှင့် ကွန်ပျူတာချစ်ပ်များ ထုတ်လုပ်ရန် အဓိကကျသော ဂရပ်ဖိုက်များ တင်ပို့မှု ကန့်သတ်ချက်များကို ဒီဇင်ဘာ ၈ တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

သြစတြေးလျ မှတ်ပုံတင် ထား​သော ဂရပ်ဖိုက် မိုင်းတွင်းလုပ်သားများ၏ ရှယ်ယာစျေးနှုန်းကို မြှင့်တင်ပေးသည့် အစီအစဥ် သည် ၎င်း၏ ကမ္ဘာ့ထုတ်လုပ်မှုကို လွှမ်းမိုးထားရန်  ကြိုးပမ်းမှု၏ တစိတ်တပိုင်းဖြစ်သည်။

အောက်တိုဘာ တွင် ထုတ်ပြန်ခဲ့သည့် စည်းမျဥ်းများအရ သင်္ဘောတင်ပို့မှုခွင့်ပြုချက်အတွက် အရည်အ​သွေးမြင့် ဂရပ်ဖိုက်တင်ပို့သူများ လိုအပ်မည်ဖြစ်ပြီး တရုတ်သို့ နည်းပညာမြင့်ချစ်ပ်များ တင်ပို့မှုကို ကန့်သတ်ရန် အမေရိကန်၏ လှုပ်ရှားမှုကို တိုက်ရိုက်လက်တုံ့ပြန်ခြင်းလည်းဖြစ်သည်။

"ဤပို့ကုန်ထိန်းချုပ်ရေးအစီအစဉ်သည် ဂရပ်ဖိုက်၏မဟာဗျူဟာသဘောသဘာဝနှင့် ဆယ်စုနှစ်တခုအတွင်း ကြီးမား​သော စက်မှု ကဏ္ဍတိုးတက်မှု အ​ပေါ် ဂရပ်ဖိုက်၏ အ​ရေးပါမှု ကို  ဆက်လက်​ပြသနေသည်" ဟု သြစတြေးလျ မှတ်ပုံတင်ထား​​သော ဘက်ထရီပစ္စည်းများ ထုတ်လုပ်​သည့် Novonix ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် ခရစ်ဘန်းစ် က ပြောသည်။

Novonix သည် ကမ္ဘာလုံးဆိုင်ရာ အရေးပါသော ဓာတ်သတ္တုများ အတွက် ကွဲပြား​သော ထောက်ပံ့​ရေးကွင်းဆက် အစီအစဥ်အရ အ​မေရိကန် ပံ့ပိုးမှုဖြင့် တန်နက်စီး တွင် ဂရပ်ဖိုက်စက်ရုံကို တည်ဆောက်နေသည်။

ယခုအခါ သြစတြေးလျ၊ အမေရိကန်နှင့် ကမ္ဘာ့အခြားနေရာများတွင် ဂရပ်ဖိုက်အတွက် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်နေသော်လည်း တရုတ်၏ လွှမ်းမိုးမှုကို ရပ်တန့်ရန် ကာလတိုတွင် မဖြစ်နိုင်​သေးကြောင်း ဘန်းစ် က ပြောသည်။ တရုတ်သည် အ​ရေးကြီး​သော ဓာတ်သတ္တု ရင်းနှီးမြှုပ်နှံမှုတွင် ကုန်ကျစရိတ် သက်သက်သာသာနှင့်  လျင်မြန်စွာ တိုးတက်လာခြင်းသည် စီးပွားရေးနှေးကွေးနေသော်လည်း အား​ကောင်းလွန်းသည် ဟု ၎င်းက ဆိုသည်။

“တရုတ်မှာ ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာနဲ့ တိုးတက်မှု အရှိန်က တုန်လှုပ်စရာပါ။ သူတို့က နှစ်နှစ်အတွင်း တန်ချိန် တသိန်းတန် ဂရပ်ဖိုက်စက်ရုံများကို တည်ဆောက်နိုင်တယ်။ မြောက်အမေရိကမှာ ပါမစ်တခုတည်းရဖို့က နှစ်နှစ်လောက် ကြာနိုင်တယ်။ ဒါက ဆောက်လုပ်ရေးနဲ့ တခြားအရာအားလုံး မလုပ်​ဆောင်ခင်မှာ ဖြစ်တယ် ” ဟု ဘန်းစ်က အင်တာဗျူးတခုတွင် ပြောကြားသည်။

အရေးပါသော ဓာတ်သတ္တုများ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်​မော်​တော်ယာဥ် (EV) ကဲ့သို့ တိုးတက်မှုမြင့်မားသော စက်မှုလုပ်ငန်းများတွင် တရုတ်၏ ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများသည် ကိုဗစ် ၁၉ ကပ်ရောဂါဘေးမှ ပြန်လည်နာလန်ထူရန် ရုန်းကန်နေရသော်လည်း  စီးပွားရေးအကျပ်အတည်းကို ဆက်လက်အံတုနေသည်။

တရုတ်သည် ပြည်တွင်းအသုံးပြုမှုနှင့် ပြည်ပထောက်ပံ့မှုအတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကို အရှိန်မြှင့်လျက်ရှိသည်။  လေအားသုံးတာဘိုင်များနှင့် ဆိုလာပြားစက်ရုံများကို အမေရိကန်နှင့် ဥရောပတို့ထက်  နှစ်ဆ ပိုမို တည်ဆောက်နေပြီး ဩစတြေးလျ၏ ကျောက်မီးသွေး တင်ပို့မှုကို ခြိမ်းခြောက်နိုင်သည်ဟု ဆစ်ဒနီအခြေစိုက် ရာသီဥတုစွမ်းအင်ဘဏ္ဍာရေးဌာနမှ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်သည်။

ထို့ပြင် တရုတ်သည် အရေးပါသော တွင်းထွက်ပစ္စည်းများတွင် ၎င်း၏ လွှမ်းမိုးမှုကို ဆက်လက်ထိန်းထားရန် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်လျက်ရှိသည်။ ယခုရက်သတ္တပတ်တွင် စတင်အသက်ဝင်မည့် ဂရပ်ဖိုက်တင်ပို့မှုကန့်သတ်ချက်များသည် နည်းပညာအရင်းအမြစ်များ နှင့် ပတ်သက်ပြီး အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုတွင် အ​ရေးကြီး​သော ကဏ္ဍမှာ ပါဝင်လာမည်ဖြစ်​ကြောင်း ဘန်းစ်က ​ပြောသည်။

တရုတ်သည် ကမ္ဘာ့သဘာဝဂရပ်ဖိုက် ၉၀ ရာခိုင်နှုန်းခန့်ကို သန့်စင်ထုတ်လုပ်သည်။ Novonix သည် အ​မေရိကန်တွင် ပထမဆုံး အကြီးစား ဓာတုဘက်ထရီ စက်ရုံကို  စတင်လည်ပတ်မည်ဖြစ်ပြီး လာမည့်နှစ် ​နှောင်းပိုင်း တွင် ထုတ်လုပ်မှုစတင်မည်။ ၎င်းသည်၂၀၃၀ ခုနှစ်တွင် တန်ချိန် ၁၅၀,၀၀၀ ထုတ်လုပ်ရန် ရေရှည်မျှော်မှန်းချက်ရှိသည်။ Novonix သည် ငွေကြေးဖောင်းပွမှုလျှော့ချရေးအက်ဥပဒေနှင့် အခြားအစီအစဉ်များမှတဆင့် ​ကွဲပြားခြားနားသော ​ထောက်ပံ့​ရေးကွင်းဆက် အတွက် သမ္မတ ဘိုင်ဒင် အစိုးရထံမှ အ​မေရိကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့ငွေ ရရှိထားသည်။ အ​မေရိကန်သည် တရုတ်နှင့် ​စျေးနှုန်း ယှဥ်ပြိုင်နိုင်ရန် အခွန်​လျှော့ချ​ပေးခြင်း၊ အ​ကောက်ခွန်နှင့် အခြားအစီအမံများ ​ ​လုပ်​ဆောင်​ကြောင်း ၎င်း က ပြောသည်။

တရုတ်မူဝါဒချမှတ်သူများသည် ၂၀၂၄ ခုနှစ်အတွက် တိုးတက်မှုခန့်မှန်းချက်များကို အာရုံစိုက်ထားသောကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးအတွက် နောက်ထပ်စိန်ခေါ်မှုများကို တွန်းလှန်ရန် ဖိအားများ ကြီးထွားလျက်ရှိသည်။ "၂၀၂၄ အတွက် အများသဘောတူညီ​သော ရှုထောင့်က နည်းနည်းတော့ အားရစရာကောင်းတယ်။ အစိုးရက GDP တိုးတက်မှုနှုန်း ၄ဒသမ ၅ မှ ငါးရာခိုင်နှုန်းအထိ ​ရောက်ရှိဖို့  လုံလောက်တဲ့ လှုံ့ဆော်မှုကို လုပ်နိုင်လိမ့်မည်” ဟု ပေကျင်းအခြေစိုက် Gavekal ၏ တရုတ်သုတေသန ဒါရိုက်တာ အန်ဒရူး ဘတ်ဆန်  က ပြောကြားသည်။

#Mizzima
#နိုင်ငံတကာ
#ဘာသာပြန်
#မြေရှားသတ္တု

China tightens grip on rare earths as its economy wanes

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly