လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန် စစ်ကောင်စီခေါင်းဆောင်ဆို

By 001 (မဇ္စျိမ)
05 December 2023
လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းရန် စစ်ကောင်စီခေါင်းဆောင်ဆို

နိုင်ငံအနှံ့တိုက်ပွဲဖြစ်ပွားမှုများပိုမိုကျယ်ပြန့်လာချိန်တွင် လက်နက်ကိုင်အဖွဲ့များကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလ ၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေးတွင် ပြောဆိုလာသည်။

လက်နက်ကိုင်အဖွဲ့များကို မိုက်တွင်းနက်နေကြောင်း စစ်ကောင်စီခေါင်းဆောင်က ဝေဖန်ခဲ့ပြီး ဆက်လက်၍ မိုက်တွင်းနက်နေမည်ဆိုပါက အဆိုပါ ဒဏ်ကို ဒေသရှိပြည်သူများကသာခံစားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့်ပြည်ထောင်စုစနစ်တွင် ၎င်းတို့တောင်းဆိုနေသည့်အချက်များအားလုံးပါဝင်ပြီးဖြစ်ပြီး ပြည်ထောင်စုကြီး လုံးဝပြိုကွဲ၍ ရမည်မဟုတ်ဟုလည်း စစ်ခေါင်းဆောင်က ဆိုသည်။

သို့သော် အမျိုးသားရေးလုပ်ငန်းသုံးရပ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝထိခိုက်ခံမည်မဟုတ်ဘဲ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်ကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဟုလည်း ၎င်းက ဆက်လက် ခြိမ်းခြောက်ခဲ့သည်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း တိုက်ပွဲများပိုမိုပြင်းထန်လာကာ စစ်ကောင်စီ၏ တပ်စခန်းများ သိမ်းပိုက်ခံနေရသည့်အပြင် မြို့သိမ်းတိုက်ပွဲများလည်း ဆင်နွှဲခံနေရသည်။ ထို့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ CDM ဝင်ရောက်မှုများ၊ တပ်ရင်းလိုက် လက်နက်ချမှု ဖြစ်စဉ်များလည်းရှိနေသည်။

အဆိုပါအခြေအနေများတွင် စစ်ကောင်စီတပ်အနေဖြင့် ခွင့်မဲ့၊ စစ်ပြေးများကို ပြည်လည်လက်ခံပေးမည်ဖြစ်ပြီး စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုပါက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်လာပြီး ယင်းမှာ အင်အားနည်းပါးလာမှုကြောင့်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ပဋိပက္ခများကြောင့် စီးပွားရေးအရလည်း ထိခိုက်မှုများရှိနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းအလိုက် တာဝန်ရှိသူများအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်ရန် ယမန်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် မှာကြားခဲ့သည်။

ထို့ပြင် AA လက်နက်ကိုင်အဖွဲ့အနေဖြင့် ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်လုပ်နေကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန်လုပ်နေသည့် ကရင်နီပြည်နယ်တွင်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့များကြောင့် လွိုင်ကော်မြို့ရှိ အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ ISP Myanmar ၏ နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလနှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ မြို့နယ်စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly