မြန်မာနိုင်ငံသားတွေရဲ့ ကျောက်ကပ်တွေကို အရောင်းဝယ်သုံးပြု အစားထိုး ခွဲစိတ်ကုသပေးနေတဲ့ အိန္ဒိယဆေးရုံ စစ်ဆေးခံရ

By မဇ္ဈိမ 
07 December 2023
မြန်မာနိုင်ငံသားတွေရဲ့ ကျောက်ကပ်တွေကို အရောင်းဝယ်သုံးပြု အစားထိုး ခွဲစိတ်ကုသပေးနေတဲ့ အိန္ဒိယဆေးရုံ စစ်ဆေးခံရ

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသားကိုယ်တွင်းအင်္ဂါနဲ့ တစ်ရှူးအစားထိုးအဖွဲ့ (NOTTO) ဟာ Indraprastha Apollo ဆေးရုံ ပါဝင်ပတ်သက်တဲ့ ငွေသား-ကျောက်ကပ် အရောင်းအဝယ် အရှုပ်တော်ပုံ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဘက်က ကျေးရွာတွေက လူငယ်တွေဆီကနေ ကျောက်ကပ်တွေ ဝယ်ပြီး နိုင်ငံတကာ လူနာတွေအတွက် ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသပေးနေတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ ပုဂ္ဂလိကပိုင် ဆေးရုံကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယ ကျန်းမာရေး ဝန်ကြီးက အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

အဆိုပါ ပုဂ္ဂလိကဆေးရုံအဖွဲ့ဟာ မြန်မာနိုင်ငံမှ လူတစ်ဦးချင်းစီရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ငွေကြေးရရှိဖို့ ရောင်းစားရန် ဖြားယောင်းသွေးဆောင်မှုတွေမှာ ပါဝင်ပတ်သက်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းစာ The Telegraph က ဖော်ပြခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

IMCL ခေါ် အိန္ဒိယနိုင်ငံ Indraprastha (အင်ဒရာ ပရာစ်သာ) ဆေးဘက်ဆိုင်ရာ ကော်ပိုရေးရှင်းဟာ နယူးဒေလီမြို့တော်မှာ Apollo ဆိုတဲ့ နာမည်နဲ့ ပုဂ္ဂလိက ဆေးရုံနှစ်ခု ဖွင့်လှစ်ပြီး တရားမဝင် ကျောက်ကပ်အစားထိုး ကုသပေးနေတဲ့အကြောင်း  The Telegraph သတင်းစာက စနေနေ့က ရေးသားခဲ့တာပါ။ 

Indraprastha (အင်ဒရာ ပရာစ်သာ) ဆေးဘက်ဆိုင်ရာ ကော်ပိုရေးရှင်းကတော့ ဒီစွပ်စွဲချက်ကို မနေ့က ငြင်းဆိုထားပါတယ်။ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး လိုအပ်သလို အရေးယူဖို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးက အမိန့်ပေးလိုက်တာ ဖြစ်ပါတယ်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင် လုပ်ဆောင်နေပြီလို့ ပြောကြားထားပြီး ဒီကိစ္စမှာ နိုင်ငံတကာချိတ်ဆက်မှု တွေလည်း ပါဝင်တာကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ဖို့ အချိန်တစ်ခုတော့ပေးရပါလိမ့်မယ်လို့ ဆိုပါတယ်။

 ဒီဇင်ဘာလ(၃)ရက်က ထုတ်ပြန်ခဲ့တဲ့  အစီရင်ခံစာမှာ "မြန်မာနိုင်ငံက လူငယ်တွေဟာ ချမ်းသာတဲ့ မြန်မာလူမျိုး တွေဆီကို သူတို့ရဲ့ကျောက်ကပ်တွေကို လှူဒါန်းခြင်းဖြင့် လျော်ကြေးငွေရရှိဖို့အတွက် Indraprastha Apollo ဆေးရုံကို သွားခဲ့ကြပါတယ်" လို့ ဖော်ပြထားပါတယ်။

ဒါဟာ တကယ်ကိုကြီးမားတဲ့ စီးပွားရေးတစ်ခုဖြစ်ပြီး လိမ်လည်မှုတွေမှာ အထောက်အထား စာရွက် စာတမ်းတွေကို အသေးစိတ်ကအစ အတုလုပ်တာမျိုးတွေလည်း ပါဝင်ပါတယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နယူးဒေလီမှာရှိတဲ့ Apollo ဆေးရုံဘက်ကတော့ Telegraph သတင်းစာပါ ရေးသားချက်တွေ မဟုတ်မမှန်တဲ့အကြောင်းနဲ့ စွပ်စွဲချက်တွေ အခြေအမြစ်မရှိတဲ့အကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ငြင်းဆိုထားပါတယ်။

Apollo ဆေးရုံဟာ အိန္ဒိယရဲ့ အကြီးဆုံးဆေးရုံတစ်ခုဖြစ်ပြီး နှစ်စဉ် အစားထိုးကုသမှုပေါင်း(၁၂၀၀)ကျော် လုပ်ဆောင်ကာ ကမ္ဘာတစ်ဝန်းမှ ချမ်းသာသော လူနာတွေကို ဆွဲဆောင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းမှု၊ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး မပြေလည်မှုတွေကြောင့် ခန္ဓာကိုယ်ထဲက ကျောက်ကပ်ကိုတောင် ထုတ်ရောင်းဖို့ ကြိုးစား သူတွေ ရှိလာနေတာဖြစ်ပါတယ်။

အိန္ဒိယနဲ့မြန်မာဥပဒေများအရ လူနာတစ်ဦးဟာ ပုံမှန်အခြေအနေတွေမှာ သူစိမ်းထံမှ ကိုယ်တွင်းအင်္ဂါ လှူဒါန်း မှုတွေကို လက်ခံ၍မရကြောင်း သိရပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် နိုဝင်ဘာမှာ ပြဌာန်းခဲ့တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူဒါန်းခြင်း ဆိုင်ရာဥပဒေမှာ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကို တခြားသူတစ်ယောက်ခန္ဓာကိုယ်မှာ အစားထိုးအသုံးပြုခွင့် အတွက် ဆန္ဒအလျှောက်အခမဲ့လှူဒါန်းခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

ဒါပေမဲ့ ကိုယ်အင်္ဂါအစိတ်ပိုင်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီမှတစ်ပါး တခြားဘယ်အကြောင်း ကြောင့်နဲ့မှ ထုတ်ယူတာ၊ လွှဲပြောင်းတာ၊ ရောင်းချတာ၊ ဝယ်ယူတာတွေ မလုပ်ရသလို ဘယ်သူမှ ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းအောင် မရိုးဖြောင့်တဲ့သဘောနဲ့ သွေးဆောင်တာ၊ ဖြားယောင်းတာ၊ တိုက်တွန်းတာတွေ လုပ်ပြီး လှူဒါန်းအောင် မလုပ်ရဘူးလို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly