စစ်ကောင်စီဖျက်သိမ်းသည့် ပါတီများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ပါတီ ၁၀ ခုပါဝင် 

By 001၊ ရှိန်မင်းမောင် (မဇ္ဈိမ)
30 March 2023
စစ်ကောင်စီဖျက်သိမ်းသည့် ပါတီများတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ပါတီ ၁၀ ခုပါဝင် 

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်း ကြေညာသည့် ပါတီ ၄၀ တွင် စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လအတွင်းက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သွားရောက်တွေ့ဆုံခဲ့သည့် ပါတီများထဲမှ ပါတီ ၁၀ ခုလည်း ပါဝင်​​ကြောင်း တွေ့ရသည်။ 

ထိုပါတီများမှာ နိုင်ငံရေးသမားကြီး ဦးသုဝေဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်းများ၏ မျိုးဆက်များ ဦးဆောင်နေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (PDP)၊ ဝံသာနုဒီမိုကရက်တစ်ပါတီ(WTNDP)၊ ဗမာပြည်သူ့ပါတီ(BPP)၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ(NPP)၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ(NEUP)၊ အမျိုးသားတိုးတက်ရေးပါတီ (NDP)၊ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KYSDP)၊ ဦးဝီရသူနှင့် ဆက်စပ်သည့် အမျိုးသားရေးလှုပ်ရှားသူမိုက်ကယ်လ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ(YDP) တို့ဖြစ်သည်။ 

ထိုပါတီ ၁၀ ခုတွင် ပါတီအချို့မှာ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သည့် နိုင်ငံ​ရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေ ကန့်သတ်ချက်ကြောင့် မှတ်ပုံပြန်မတင်နိုင်ခြင်းဖြစ်ပြီး အချို့မှာ အခြားပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အသစ်တည်​ထောင်ရန်တို့အတွက် မှတ်ပုံပြန်မတင်ခြင်းဖြစ်သည်။ 

အဆိုပါ ဥပဒေအရ ငွေကြေးအင်အား၊ လူအင်အား မတတ်နိုင်တော့သည့်အတွက် မှတ်ပုံပြန်မတင်ခြင်းဖြစ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားတိုးတက်မြင့်မားရေးပါတီတို့က ပြောသည်။ 

“ကယားပြည်နယ်က အားလုံးလည်း သိမှာပါ၊ နယ်မြေအခြေအနေအရက အထူးသဖြင့် မာရှယ်လောထုတ်ထားတဲ့ အပိုင်းမှာလည်းပါတယ်ပေါ့နော်။ ဆိုတော့ စည်းရုံးရေးလုပ်ငန်းမှာရော ၊ နောက် ပါတီအင်အားမှာရော ၊ ရန်ပုံငွေအင်အားအပါပေါ့ အခက်အခဲရှိလို့ ကျွန်တော်တို့ ပြန်ပြီး မထောင်ဖြစ်တာပါ”ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဖိုးရယ်က ဆိုသည်။ 

ထို့ပြင် စစ်ကောင်စီက ပြုလုပ်မည်ဟုဆိုထားသည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကယားပြည်နယ်အတွင်း အများစုမှာ စစ်ဘေးရှောင်များဖြစ်နေပြီး ပါတီနိုင်ငံရေးကို စိတ်ဝင်စားသူနည်းပါးနေသည့်အတွက် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

နောက်ထပ်ပယ်ဖျက်ခံရသည့် ပါတီတစ်ခုဖြစ်သည့် ၈၈ မျိုးဆက်ဒီမိုကရေစီပါတီမှာမူ မိုက်ကယ်လ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ မှတ်ပုံပြန်တင်ထားသည့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

“သုံးပါတီ သဘောတူညီချက်လေး တစ်ခုလုပ်ပြီးတော့ ပြန်တင်ဖို့ရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီကတော့ ကောက်တင်ထားတာပေါ့နော်။ အဲ့ဒီက မှတ်ပုံတင်ကျတဲ့အခါမှ စုပေါင်းပြီးတော့ ဆောင်ရွက်ဖို့ ရည်ရွယ်ထားတာရှိတယ်။ မှတ်ပုံတင်မကျသေးတော့ ဆက်ပြီးတော့သွားဖို့က နည်းနည်းလေးတန့်နေတာပေါ့။ တစ်ဖက်ကလည်း လူဦးရေဘာညာ ပြန်ပြီး စီစဉ်နေတာရှိပါတယ်”ဟု ၈၈ မျိုးဆက်ဒီမိုကရေစီပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ထို့ပြင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေဖြင့်လည်း ပါတီအသစ် လေးခုတည်ထောင်ပြီး တိုင်းဒေသကြီး လေးခုတွင် စည်းရုံးဆောင်ရွက်ရန် ပြောင်းလဲမှတ်ပုံတင်ထားကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ဘီဘီစီကို ဖြေဆိုထားသည်ကို တွေ့ရသည်။ 

စစ်ကောင်စီလက်အောက်ခံ UEC ၏ ထုတ်ပြန်ချက်အရ ရက်ပေါင်း ၆၀ အတွင်းမှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၅၀၊ အသစ်တည်ထောင်သည့် ပါတီ ၁၃ ခုနှင့် စစ်ကောင်စီထံ မှတ်ပုံပြန်မတင်သည့် ပါတီ ၄၀ ရှိကြောင်း သိရသည်။ 

မှတ်ပုံပြန်မတင်သည့် ပါတီများကို မတ်လ ၂၉ ရက်နေ့ကစပြီးဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီး ယင်းပါတီများထဲတွင် အင်အားကြီးပါတီများဖြစ်သည့် NLDပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တို့လည်း ပါဝင်ခဲ့သည်။ 

တည်ဆဲဥပဒေများကို ချိုးဖောက်ထားသော စစ်ကောင်စီသည် တရားဝင်မှု မရှိသည့်အတွက် တရားဝင်ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများကို ၎င်းတို့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဖျက်သိမ်းခွင့်၊ အတည်ပြုခွင့် လုံးဝမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ဗဟိုအလုပ်ကော်မတီက မတ်လ ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly