ဆီအလုံအလောက်ရှိကြောင်း ဝါဒဖြန့်နေသော်လည်း မန္တလေးတွင် ရောင်းစရာဆီမရှိ၍ ဆိုင်ကြီးများပင် ပိတ်ထား

By 007 (မဇ္စျိမ)
12 December 2023
ဆီအလုံအလောက်ရှိကြောင်း ဝါဒဖြန့်နေသော်လည်း မန္တလေးတွင် ရောင်းစရာဆီမရှိ၍ ဆိုင်ကြီးများပင် ပိတ်ထား
ပုံစာ- မန္တလေးတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် အရောင်းဆိုင်ကြီးများပင် ပိတ်ထားကြသည်ကို တွေ့ရစဉ်

စက်သုံးဆီအလုံအလောက်ရှိကြောင်း စစ်ကောင်စီက ဝါဒဖြန့်နေသော်လည်း မန္တလေးမြို့မှ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်နေပြီး ယနေ့နံနက်ပိုင်းက အရောင်းဆိုင်အချို့ ပိတ်ထားကြ ကြောင်း မြို့ခံများက ပြောကြားသည်။
“အခြေအနေက ပိုဆိုးလာတာ။ မန္တလေးတမြို့လုံးအနှံ့ 95 ရောင်းပေးနိုင်တာ နှစ်ဆိုင်ပဲရှိတော့တယ်။ 92 ပဲရတယ် တခြားမရဘူးဆိုတဲ့ဆိုင်က လေးငါးဆိုင်၊ ကျန်တာတွေအကုန်ပိတ်ထားကြကုန်ပြီ၊ ဒါ ဒီမနက် မျက်မြင်အခြေအနေပဲ” ဟု မြို့ခံတဦးက ပြောသည်။
95  သို့မဟုတ် 92 အမျိုးအစားတခုခုကို ယမန်နေ့ကအထိ အကန့်အသတ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည့် Denko ၊ BOC တို့ကဲ့သို့ အရောင်းဆိုင်ကြီးများတွင်ပင် ယနေ့ ဆိုင်ပိတ်ထားသည်ကိုတွေ့ရကြောင်း မြို့ အနှံ့ စက်သုံးဆီလိုက်လံရှာဖွေ ဝယ်ယူခဲ့ကြသူများ၏အပြောအရ သိရသည်။
“သိပ္ပံလမ်းပေါ်မှာ Denko နှစ်ဆိုင်ရှိတယ်၊ ဒီမနက် လုံးဝပိတ်ထားတယ်။ ၃၅ လမ်းထိပ်က BOC ကတော့ ပိတ်ထားတာ လေးရက်ရှိပြီ။ မြို့ပတ်လမ်းမှာ ဆီဆိုင်အကြီးကြီးတွေရှိတယ်။ မနေ့ကအထိ 95/92 တမျိုး မဟုတ်တမျိုး ရသေးတယ်၊ ဒီမနက်မရတော့ဘူး။ ကျန်တဲ့ ဆိုင်အလတ်စား၊ အသေးစားတွေကတော့ ပိတ်ထားတာကြာပြီ။ ဆိုင်ကြီးတွေလောက်ပဲ ဖွင့်ရောင်းနေကြတာ။ သိပ္ပံလမ်းပေါ်မှာ Denko နှစ်ဆိုင် အပါအဝင် ခြောက်ဆိုင်ရှိတယ်၊ ခြောက်ဆိုင်လုံး ဒီနေ့ပိတ်ထားတယ်”ဟု အငှားယာဉ်မောင်းတဦးက ပြော သည်။
စစ်အာဏာမသိမ်းခင်ကရရှိထားသည့်အချက်အလက်အရ မန္တလေးမြို့တွင် ပန့်ဖြင့်ရောင်းချသည့် စက်သုံး ဆီအရောင်းဆိုင်ပေါင်း ၇၀ ကျော်ရှိပြီး၊ လက်ရှိတွင် Denko ၊ BOC ၊ ရွှေဗျိုင်းဖြူ၊ Max ၊ Asia Energy တို့ ကဲ့သို့သော ဆီဆိုင်ကြီးအချို့တွင်သာ အကန့်အသတ်ဖြင့် ဆီရောင်းချပေးနေသည်ကိုတွေ့ရသည်ဟု ဒေသခံများကဆို သည်။
“လက်ရှိ ဖွင့်ထားတဲ့ဆီဆိုင်အများဆုံးရှိလှ ၁၀ ဆိုင်ထက်မပိုဘူး။ အဲဒီထဲမှာမှ 92 ပဲရတဲ့ဆိုင်၊ 95 ပဲရတဲ့ ဆိုင်၊ ဒီဇယ်ပဲရတဲ့ဆိုင်ဆိုပြီး ရှိသေးတယ်” ဟု ဒေသခံတဦးကပြောသည်။
ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်နေသည်မှာ ယနေ့နှင့်ဆိုလျှင် ရှစ်ရက်ရှိနေပြီဖြစ်သော်လည်း စစ်ကောင်စီကမူ ဆီအလောက်အလုံရှိကြောင်း ၎င်း၏ဝါဒဖြန့်ချိရေးမီဒီယာများမှတစ်ဆင့် နေ့စဉ်ဝါဒဖြန့် နေသည်။
စက်သုံးဆီဝယ်ယူရခက်ခဲသည့်ကိစ္စနှင့်ပတ်သက်၍လည်း ကောလာဟလမှတစ်ဆင့် သတင်းအမှားများ ကိုကြည့်ပြီး ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟုလည်း တန်ပြန်စွပ်စွဲရေးသားဖော်ပြလျက်ရှိသည်။
သီလဝါဆိပ်ကမ်းရှိ Terminal များမှတဆင့် ရန်ကုန်တိုင်းအပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီ အရောင်း ဆိုင်ပေါင်း ၃,၃၉၁ ဆိုင်သို့ ဆီသယ်ယာဉ် ၁,၇၂၉ စီးဖြင့် ဓာတ်ဆီ 92 ဂါလံပေါင်း ၉၇၀,၀၀၀ ကျော်နှင့် 95 ဂါလံပေါင်း ၂၅၀,၀၀၀ ကျော်၊ ဒီဇယ်ဆီ ဂါလံပေါင်း ၆၅၀,၀၀၀ ကျော်နှင့် ပရီမီယံဒီဇယ်ဆီ ဂါလံပေါင်း ၈၃၀,၀၀၀ ကျော်အားဖြန့်ဖြူးနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဖြန့်ဖြူးပေးနေကြောင်း၊ ပြည်ပမှ ဆီတင် သင်္ဘော ၁၀ စီးသည် ပင်လယ်ဝတွင်လည်းကောင်း၊ ဆီတင်သင်္ဘောသုံးစီးသည် သီလဝါဆိပ်ကမ်းတွင် လည်းကောင်း အသင့်စောင့်ဆိုင်းလျက်ရှိပြီး သက်ဆိုင်ရာ Terminal များသို့ အချိန်နှင့်တပြေးညီ ဖြည့် တင်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာများတွင် နေ့စဉ်ဖော်ပြလျက်ရှိသည်။
“ဆီဆိုင်တွေပိတ်ထားလို့ ဖွင့်တဲ့တစ်ဆိုင် နှစ်ဆိုင်လောက်မှာ ကြိတ်ကြိတ်တိုးနေကြရတာ၊ ဒီနေ့အထိ တန်းစီဝယ်နေကြရတာ။ ဒါကိုတောင်မှ ဆီမပြတ်ပါဘူးလို့ ထွက်ပြောရဲတဲ့ကောင်တွေဗျ။ ဝါဒဖြန့်ပေးတဲ့ ကောင်တွေကလည်း ဖြန့်ပေးရဲတယ်” ဟု စက်သုံးဆီ တန်းစီဝယ်ယူနေသူတဦးက ပြောသည်။
ဒီဇင်ဘာလ ၅ ရက်မှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ မန္တလေးမြို့တွင် စက်သုံးဆီဝယ်ယူရ အလွန်ခက်ခဲနေပြီး အရောင်းဆိုင်ကြီးများပင် ဆိုင်ပိတ်ထားရကြောင်း သိရသည်။
မန္တလေးစက်သုံးဆီစျေးကွက်တွင် ယနေ့ ဓာတ်ဆီ 92 တလီတာလျှင် ၂,၅၁၅ ကျပ်၊ 95 တလီတာလျှင် ၂,၆၂၅ ကျပ်၊ ဒီဇယ်ဆီ(ရိုးရိုး)တလီတာလျှင် ၂,၂၆၀ ကျပ်နှင့် ဒီဇယ်ဆီ(ပရီမီယံ)တလီတာလျှင် ၂,၃၁၅ ကျပ် စျေးဖွင့်ရောင်းချလျက်ရှိသည်။
စာတည်း။ ။စောဖေ

#စက်သုံးဆီပြတ်လပ်မှု
#မန္တလေးမြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly