မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးရာ၌ ထိုင်းက ဦးဆောင်နေရာ ရယူသင့်ဟု ဝန်ကြီးချုပ် ပြော

By Nikkei Asia
13 December 2023
မြန်မာစစ်ကောင်စီနှင့် ဆွေးနွေးရာ၌ ထိုင်းက ဦးဆောင်နေရာ ရယူသင့်ဟု ဝန်ကြီးချုပ် ပြော
Photo-AFP

မြန်မာနိုင်ငံ၏ နှစ်နှစ်ကြာ ပြည်တွင်းစစ်အား ဖြေရှင်းရာတွင် မြန်မာအာဏာသိမ်း စစ်ကောင်စီနှင့် ချိတ်ဆက်ဆက်ဆံရာတွင် ထိုင်းနိုင်ငံက ဦးဆောင်အခန်းကဏ္ဍ ရယူသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်းက ပြောသည်။

မြန်မာနိုင်ငံတွင် အရှိန်မြင့်လာနေသော  ပဋိပက္ခတိုက်ပွဲများကြောင့် ဒုက္ခသည်များ စီးဝင်ပြီး နှစ်နိုင်ငံနယ်စပ်တွင် တရားမဝင် မူးယစ်ဆေးဝါး မှောင်ခိုမှုများအတွက် စိုးရိမ်ပူပန်မှုများ မြင့်မားနေချိန်လည်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာသွားမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံဟာ မြန်မာနဲ့ နီးစပ်တဲ့ နိုင်ငံပါ၊ နယ်စပ် ကီလိုမီတာ ၂,၀၀၀ ရှိတယ်၊ ဒါကြောင့် ကျွန်တော့် အထင်တော့ မြန်မာအစိုးရနဲ့ ဆွေးနွေးပြောဆိုရာမှာ ကျွန်တော်တို့က ဦးဆောင်အခန်းကဏ္ဍ ရယူသင့်တာဟာ သင့်တော်မှာပဲ ဖြစ်ပြီး အာဆီယံနိုင်ငံတွေအနေနဲ့လည်း လက်ခံနိုင်ပါလိမ့်မယ်”ဟု ဆရတ်သာက အင်္ဂါနေ့တွင် ပြောသည်။

ဘန်ကောက်ရှိ အစိုးရအိမ်တော်ရာ၌ Nikkei Asia နှင့် အထူးအင်တာဗျူးတွင် ဝန်ကြီးချုပ်က ၎င်း၏ စီးပွားရေးမူဝါဒများမှသည် ပြည်တွင်းနိုင်ငံရေးအထိ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံပြောဆိုခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီမှ စတင်ပေါ်ပေါက်လာသော အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံသည် ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ထားသည်။ သို့ရာတွင် အသင်းကြီး၏ စီးပွားရေး အကြီးဆုံးနှင့် ယခုနှစ် အလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှား၏ သံတမန်ရေး အားထုတ်မှုများ ကြားမှပင် ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ရေးက အနည်းငယ်သာ ရှေ့တိုးမှု ရှိသည်။ အာဆီယံ အနေဖြင့် လက်ရှိ၊ ယခင်နှင့် နောက်တက်မည့် အသင်းဥက္ကဋ္ဌ အဖွဲ့ဝင် သုံးနိုင်ငံက မြန်မာစစ်ကောင်စီနှင့် ချိတ်ဆက်ဆွေးနွေးပြီး ပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် မကြာသေးခင် ဆုံးဖြတ်ချက် ချခဲ့သည်။

တချိန်တည်းမှာပင် ထိုင်းနိုင်ငံက စစ်တပ်ချင်း ဆက်ဆံရေးနှင့် စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွားများ ဆက်စပ်နေခြင်းတို့ကို ကိုးကားပြီး နေပြည်တော်နှင့် အပြန်အလှန် ဆက်ဆံရေး လမ်းကြောင်း ဖော်ဆောင်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းချိန်မှနောက်ပိုင်း မြန်မာဒုက္ခသည် ၄၅,၀၀၀ ခန့် ထိုင်းနိုင်ငံဆီ ထွက်ပြေးကြရာ ထိုင်းအနောက်မြောက်ပိုင်း နယ်စပ်ပြည်နယ်များအတွက် ဖိစီးမှု တိုးစေသည်။

“ဒုက္ခသည် အခြေအနေကို ကောင်းစွာ မကိုင်တွယ်နိုင်တဲ့ နေရာတွေက အဖြစ်အပျက်တွေကို ကျွန်တော်တို့ တွေ့မြင်ထားပါတယ်၊ ဒါဟာဆိုရင် ကျန်းမာရေးနဲ့ နေရေးထိုင်ရေးမှာ ဒုက္ခသည်တွေကိုပဲ သက်ရောက်မှာ မဟုတ်ဘဲ ဌာနေဒေသခံတွေကိုပါ ရိုက်ခတ်လာနိုင်ပါတယ်”ဟု ဆရတ်သာက ပြောသည်။

နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများအရေး မြန်မာနှင့် ဆွေးနွေးမှုများ အခြေအနေအတွက် “စိတ်မကျေနပ်ရကြောင်း” ဝန်ကြီးချုပ်က ပြောသည်။ “သူတို့ရဲ့ ပြည်တွင်း ပြဿနာက နေရာတိုင်းမှာ စစ်ပွဲ အရှိန်မြင့်နေတာပဲ၊ ဒါကြောင့် သူတို့တွေဟာ မူးယစ်ဆေးဝါး ရောင်းချရာက ဝင်ငွေရရှိဖို့ လိုအပ်တယ်၊ ဒါကြောင့်ပဲ ကျွန်တော်တို့ဘက်ကလည်း နယ်စပ်ကို ကျွန်တော်တို့ ကာကွယ်နိုင်ရေး ကျိန်းသေဖို့ လိုအပ်တယ်”ဟု ဆရတ်သာက ပြောသည်။

တိုက်ပွဲများ နောက်ထပ် အရှိန်မြင့်လာပါက ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပြင်ဆင်ထားရန် မြန်မာမှ အဆင့်တူများနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက လုပ်ကိုင်နေကြောင်း ဆရတ်သာက ထပ်လောင်းဆိုသည်။  

အောက်တိုဘာနှောင်းပိုင်း၌ မြန်မာစစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများ ထိုင်းမြောက်ပိုင်း ရှမ်းပြည်နယ်တွင် အများစု ဖြစ်ပွားပေါ်ပေါက်ချိန်မှစကာ ပြည်သူ သန်းဝက်ကျော် နေရပ်ရွှေ့ပြောင်းကြရသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly