နွားထိုးကြီး-မြို့သာလမ်းပိုင်းတွင် ဒုရဲအုပ်ကို အသေပစ်ခတ်ဖမ်းဆီး

By 008 (မဇ္ဈိမ)
12 December 2023
နွားထိုးကြီး-မြို့သာလမ်းပိုင်းတွင် ဒုရဲအုပ်ကို အသေပစ်ခတ်ဖမ်းဆီး
ပုံအညွှန်း-သေဆုံးသူ ဒုရဲအုပ် ကျော်ဆန်းဝင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊နွားထိုးကြီး-မြို့သာလမ်းပိုင်းတွင် ဒီဇင်ဘာ ၁၁ရက်၊မွန်းလွဲ ၂နာရီ ၃၀မိနစ်ခန့်က စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တဦးကို အသေပစ်ခတ် ဖမ်းမိခဲ့​ကြောင်း Natogyi People Defence Force၊ မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်းတာဝန်ရှိသူကပြောသည်။

Natogyi People Defence Force သည် နွားထိုးကြီး-မြို့သာ လမ်းပိုင်း၌ လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုများပြုလုပ်နေစဉ် မသင်္ကာသည့် ဆိုင်ကယ်စီးလာသူအား စစ်ဆေးရန် တားဆီးနေစဉ် ထွက်ပြေးခြင်းကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

 ပစ်ခတ်ခံရ၍ သေဆုံးသွားသူမှာ နွားထိုးကြီးမြို့နယ်၊ဝက်လူးရဲစခန်းမှ ဒုရဲအုပ် ကျော်ဆန်းဝင်း ဖြစ်ကြောင်း Natogyi People Defence Force တာဝန်ရှိသူက ဆိုသည်။

"ကျွန်တော်တို့ ရှောင်တခင် စစ်ဆေးနေတုန်းမှာ နွားထိုးကြီးဘက်ကနေ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတဦးကို သံသယရှိလို့ ဆိုင်ကယ်ရပ်ခိုင်းတယ်။အစစ်အဆေးမခံဘဲ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်"ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-(၄)တပ်ရင်း တာဝန်ရှိသူကပြောသည်။

သေဆုံးသူ၏ ဆိုင်ကယ်ကို စစ်ဆေးရာတွင် စာရွက်စာတမ်းများနှင့်ဖုန်းလုံး သိမ်းဆည်းရမိကြောင်းသိရသည်။

မြင်းခြံ၊နွားထိုးကြီး၊ငါန်းဇွန်၊မြို့သာ၊တံတားဦးလမ်းပိုင်းများတွင်သွားလာသည့် ခရီးသွားပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးအရ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly