စစ်ကောင်စီ လက်အောက်ခံ UEC ထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၄၀ ရှိလာ 

By 001 (မဇ္စျိမ)
24 March 2023
စစ်ကောင်စီ လက်အောက်ခံ UEC ထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၄၀ ရှိလာ 

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ထံ မှတ်ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၄၀ အထိ ရှိလာပြီဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာ ဖော်ပြချက်များအရ သိရသည်။ 

အဆိုပါ ပါတီ ၄၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ စစ်ကောင်စီခန့် ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ပြည်သူ့​ရှေ့ဆောင်ပါတီ အပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၀ ပါတီရှိပြီး ကျန်သည့် ပါတီများမှာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးရန် မှတ်ပုံတင်ထားခြင်းဖြစ်သည်။ 

မှတ်ပုံပြန်တင်သည့် တိုင်းရင်းသားပါတီ ၁၀ ကျော်ရှိပြီး ထိုအထဲတွင် ဒီမိုကရေစီပါတီသစ် (ကချင်) ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP)၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ ၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)နှင့် မွန်ညီညွတ်ရေးပါတီတို့လည်းပါဝင်သည်။ 

ရခိုင်ပြည်နယ်ရှိ အင်အားကြီးပါတီဖြစ်သည့် ANP ပါတီအနေဖြင့်မူ အမျိုးသားနိုင်ငံရေးအားကောင်းအောင်လုပ်ဆောင်ရန်၊ နိုင်ငံ​ရေးအရ ​ပြောခွင့်ဆိုခွင့်ရှိရန် လိုအပ်နေ​သေးသည့်အတွက် မှတ်ပုံပြန်တင်ခြင်းဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက မတ်လ ၁၈ ရက်နေ့က မဇ္စျိမကို ဖြေကြားထားသည်။ 

လက်ရှိနိုင်ငံ​ရေးပါတီ ၉၁ ပါတီရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( SNLD )၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တို့က စစ်ကောင်စီထံ မှတ်ပုံပြန်တင်မည်မဟုတ်ကြောင်း ထုတ်​ဖော်​ပြောဆိုထားကြသည်။ 

စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီများအနေဖြင့် ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း၊ ပါတီရန်ပုံငွေ ကျပ်သိန်း ၁,၀၀၀ ရှိရမည်ဖြစ်သည်။ 

စစ်ကောင်စီက ပါတီများ မှတ်ပုံပြန်တင်ရမည့်ရက်ကို မတ်လ ၂၈ ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပြီး မှတ်ပုံပြန်မတင်သည့် ပါတီများကို အလိုအလျောက်ပျက်ပြယ်မည်ဟု ပြဋ္ဌာန်းထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly